ဩဂုတ် ၁၈

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၄၂ ဦးထက်မနည်း သေဆုံးကြောင်း ဂါဇာဒေသရှိအရပ်ဘက်ကာကွယ်ရေးဌာနက ပြောကြားသည်။

အစ္စရေး၏တိုက်ခိုက်ခံရမှုကြောင့် ဂါဇာမြို့၏အရှေ့တောင်ဘက် ဇီရတ်တွန်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် တစ်ဦးထက်မနည်းသေဆုံးပြီး ထိုမြို့ရှိ ဘတ်တစ်ဆေးရုံအနီးတွင် ခုနစ်ဦးထက်မနည်းသေဆုံးကြောင်း အရပ်ဘက်ကာကွယ်ရေးဌာန၏ပြောရေးဆိုခွင့်ရှိသူ ဘာဆယ်ကသတင်းထောက်များကို ပြောသည်။

ခန်ယွန်နစ်၏အနောက်ဘက်ခြမ်းရှိ တဲအိမ်တစ်လုံးကို အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် လေးဦးသေဆုံးသည်ဟု ဘာဆယ်ကဆိုသည်။

ဂါဇာကမ်းမြောင်ဒေသအလယ်ပိုင်းရှိ ဒီရာအယ်လ်ဘာလာရှ်မြို့တွင် သီးခြားလေကြောင်း တိုက်ခိုက်မှုနှစ်ကြိမ်အတွင်း သုံးဦးသေဆုံးပြီး ခန်ယွန်နစ်ဒေသ၏နေရာအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ်ဖြစ်ပွားခဲ့ရာ ပါလက်စတိုင်း ၁၂ ဦး သေဆုံးသည်ဟု ဘာဆယ်ကပြောသည်။

ဂါဇာကမ်းမြောင်အလယ်ပိုင်းနှင့်တောင်ပိုင်းတို့တွင် ထောက်ပံ့ရေးပစ္စည်းများ စောင့်ဆိုင်းနေစဉ် အစ္စရေး၏ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ၁၅ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ၎င်းက ဆိုသည်။

အဆိုပါဖြစ်ရပ်များနှင့်ပတ်သက်၍ အစ္စရေးဘက်က ချက်ခြင်းမှတ်ချက်ပြုပြောကြားခြင်းမရှိဟုသိရသည်။

အစ္စရေးဘက်က မတ် ၁၈ ရက်က စစ်ရေးတင်းမာမှု ပြန်လည်စတင်ပြီးနောက်ပိုင်း ပါလက်စတိုင်း ၁၀၄၀၀ ထက်မနည်းသေဆုံးပြီး ၄၃၈၄၅ ဦး ဒဏ်ရာရရှိခဲ့သည်။  နှစ်ဘက်ပဋိပက္ခ စတင်ခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလနောက်ပိုင်း ဂါဇာဒေသတွင် သေဆုံးသူ ၆၁၉၄၄ ဦးအထိ ရှိလာကာ စုစုပေါင်း ၁၅၅၈၈၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကျန်းမာရေးအာဏာပိုင်များက ယမန်နေ့က အချက်အလက်ဖော်ပြချက်အရ သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို