လွိုင်ကော် ဩဂုတ် ၁၈

 

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ထေးသမရပ်ကွက် လေ့ကျင့်ရေးအလယ်တန်းကျောင်း ပြုပြင်နေမှု၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီး ဆရာဝန်ကြီးများ အိမ်ရာများ ပြုပြင်နေမှု၊ ပြည်နယ်ရေကူးကန်နှင့် အားကစားရုံ၊ အားကစားကွင်းများ ပြန်လည် ပြုပြင်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အကြမ်းဖက်သောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ထေးသမရပ်ကွက် လေ့ကျင့်ရေးအလယ် တန်းကျောင်း ပင်မနှစ်ထပ်စာသင်ဆောင် ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ သတ်မှတ်ကာလ ပြီးစီးအောင် ဆောင်ရွက်ရန်၊ ဖွင့်လှစ်ရန်နှင့် လိုအပ်သည့် ပြီးစီးပါက ကျောင်းပြန်လည် ကျောင်းသုံးရုံးသုံး ပရိဘောဂများ ပြည့်စုံစွာ စီမံဆောင်ရွက်ပေးရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

ဆက်လက်၍ မင်းစုရပ်ကွက် ပြည်နယ်ပြည်သူ့ဆေးရုံကြီး ဆရာဝန်ကြီးများအိမ်ရာ လေးခန်းတွဲ လေးထပ်နှင့် လေးခန်းတွဲ နှစ်ထပ်အိမ်ရာများ ပြုပြင်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက ဝန်ထမ်းများအား စနစ်တကျပြန်လည် နေရာချထားပေးရန်နှင့် အိမ်ရာပတ်ဝန်းကျင် သန့်ရှင်းသာယာရေး စဉ်ဆက်မပြတ် ဆောင်ရွက်ရန် မှာကြားသည်။

 

ထို့နောက် ဒေါဥခူရပ်ကွက် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနသို့ ရောက်ရှိပြီး အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့သည့် ပြည်နယ်အမျိုးသားရေကူးကန်၊ ရေသန့်စင်စက်များ၊ ရေချိုး သန့်စင်ခန်း အဆောက်အအုံများ ရာနှုန်းပြည့် ပြန်လည်ပြုပြင်ပြီးစီးမှုနှင့် ကိုယ်ကာယလေ့ကျင့်ရေး GYM အားကစားခန်းမအတွင်း လေ့ကျင့်ရေးပစ္စည်းများ တပ်ဆင်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဘောလုံးကွင်း၌ ပြေးခုန်ပစ် အားကစားပြိုင်ပွဲများနှင့် ဘောလုံးပြိုင်ပွဲများ ကျင်းပနိုင်ရေး လိုအပ်ချက်များကို ကာဂန်ရှိသူများကတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

ထို့နောက် နမ့်ကွတ်ရပ်ကွက် နမ့်ကွတ်ရေစီးကွေ့နေရာတွင် ဘီလူးချောင်း ရေကြီးမြင့်တက်မှုမှ ကာကွယ်နိုင်ရန်နှင့် ရေစီးရေလာ ကောင်းမွန်စေရေး လူအင်အား၊ စက်ယန္တရားများဖြင့် ပြည်နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့် ပြည်နယ် မီးသတ်ဦးစီးဌာနတို့က ချောင်းကမ်းပါးတစ်လျှောက် ချုံနွယ်အမှိုက်သရိုက်များ ရှင်းလင်းဆယ်ယူခြင်း၊ ကျွန်းမွှားများ ဖယ်ရှားခြင်းနှင့် သဲသောင်ဖြစ်ပေါ်နိုင်သည့် နေရာများ ဆယ်ယူခြင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)