ရွှေတောင် ဩဂုတ် ၁၈
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ပြည်ခရိုင် ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုအားပေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ရွှေတောင်မြို့နယ် နွားခြံကုန်းကျေးရွာအုပ်စု ကျွန်းတန်းရိုးကျေးရွာ ရှမ်းကုန်းကွင်းအတွင်းရှိ မိုးမြေပဲစံပြစိုက်ခင်း တစ်ကွင်းတစ်ဆက်တည်းဧက ၁၀ဝ ရိတ်သိမ်းနေမှု ကိုသွားရောက်ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ကုန်ကြမ်းအဖြစ် မရောင်းချစေဘဲ မြေပဲဆီထုတ်လုပ် ရောင်းချခြင်းနှင့် မြေပဲဆီထုတ်လုပ်ခြင်းမှ ထွက်ရှိလာသည့် ပဲဖတ်များဖြင့် တိရစ္ဆာန် အစာလုပ်ငန်းများ ဆောင်ရွက်ရန် ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြို့မကျေးရွာအုပ်စု ဆင်ရှင်ကျေးရွာ၌ မိရိုးဖလာ စက်ရက်ကန်းလုပ်ငန်းများကို သွားရောက်ကြည့်ရှု အားပေးပြီး ဒေသတစ်ခုလုံး ရက်ကန်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်ခြင်းသည် “ကျေးရွာ တစ်ခု ထုတ်ကုန်တစ်ခု" အနေဖြင့် တိုက်ရိုက် ဈေးကွက်ဖော်ဆောင်ပေးရန်၊ ကိုယ်ပိုင်တံဆိပ်ဖြင့် ထုပ်ပိုးအဆင့်မြှင့်တင်၍ ဆောင်ရွက်သွားရန်၊ ရက်ကန်းလုပ်ငန်းသည် မိသားစုအလိုက် ဝင်ငွေရ သည့် လုပ်ငန်းတစ်ခုဖြစ်၍ အစုအဖွဲ့စနစ်ဖြင့် အသင်း အဖွဲ့များဖွဲ့စည်း၍ ချေးငွေရရှိရေးနှင့် နည်းပညာ တိုးတက်မြင့်မားရေး ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားပြီး ဒေသထွက် ပုဆိုး၊ လုံချည် ခင်းကျင်းပြသထားမှုကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် ပြည်မြို့ “ရွှေဝါထွန်း" လယ်ယာသုံး စက်ကိရိယာထုတ်လုပ်ရေး အလုပ်ရုံသို့ သွားရောက် ၍ မြေကွက်ကျယ်ခြံကွက်များ အချိန်တိုအတွင်း ရှင်းလင်းနိုင်ရေး မြက်ရှင်းစက်ထုတ်လုပ်နေမှုနှင့် စပါးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် တစ်ဧက စိုက်ပျိုးစရိတ်သက်သာစေရေး မျိုးစေ့ချကိရိယာများ ထုတ်လုပ်တပ်ဆင်နေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


