ဟားခါး ၁၃ မတ်    
        
ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအရေးပါသည့် လမ်းပန်းဆက်သွယ်မှုများ တိုးတက်ကောင်းမွန်စေရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ လမ်းအထူး(၁၀)မှ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် ခေတ်မီစက်ယန္တရားကြီးများကို အသုံးပြုလျက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

1

 

“ချင်းပြည်နယ်မှာ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခဲ့ရတဲ့အဓိက အကြောင်းထဲမှာ လမ်းပန်း ဆက်သွယ်ရေးကတစ်ခုအပါအဝင်ပါ။ ပြည်နယ်အတွင်းမှာရှိတဲ့မြို့တွေဆီကို တစ်မြို့နဲ့တစ်မြို့ အလွယ်တကူသွားလာဖို့ခဲယဉ်းသလို အဓိကမြို့ကြီးတွေနဲ့ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးမှာ လည်းလမ်းပန်းဆက်သွယ်ရေးအဆင်မပြေခဲ့မှုတွေကြောင့် ကုန်စည်စီးဆင်းမှုနှေးကွေးခဲ့ပါတယ်။ ဒါကြောင့်လည်း ဒေသခံပြည်သူလူထုတွေအတွက် အခြေခံစားသောက်ကုန်အပါအဝင် ဆောက်လုပ် ရေးသုံးပစ္စည်းတွေ၊ အခြားအသုံးအဆောင်ပစ္စည်းတွေရဲ့ ကုန်ဈေးနှုန်းတွေကြီးမြှင့်ခဲ့ပါတယ်။ ဒါကြောင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေး အဓိက ဦးစားပေးလုပ်ငန်းတစ်ခုအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေစဉ်မှာ ပြည်နယ်အစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့အတူ လမ်းပန်းဆက်သွယ်မှုအမြန်ဆုံးကောင်းမွန်စေရေးအတွက် ပုံမှန်သမရိုးကျ လုပ်တာမျိုးမဟုတ်ပဲ စက်ယန္တရားကြီးတွေနဲ့ လုပ်ငန်းများဆောင်ရွက်လျက်ရှိပါတယ်”ဟု ချင်းပြည်နယ်၊ လမ်းအထူး(၁၀)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)ဦးနေရဲလင်းက လမ်းအထူး(၁၀)၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်ပြီး မတ်လ ၁၃ ရက်နေ့က ဟားခါး-မတူပီလမ်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြီးကြပ်စဉ် ပြောကြားခဲ့ပါတယ်။

 

2

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း လမ်းအထူး(၁၀)မှ ချင်းပြည်နယ်အတွင်း ဆောင်ရွက် လျက်ရှိသည့် ကလေး-ဖလမ်း-ဟားခါးလမ်း၊ သိုင်းငင်း-တီးတိန်လမ်း၊ ဟားခါး-မတူပီလမ်းနှင့် ထန်တလန်-နှာရိန်-ရေဇွာလမ်းတို့ကို ရာသီမရွေးသွားလာနိုင်သည့် လမ်းများဖြစ်စေရေး ဆောင်ရွက် လျက်ရှိရာ ၁၈ ပေ အကျယ် ကွန်ကရစ်လမ်းအရှည် ၁၃ မိုင် ၁ ဖာလုံ၊ ကတ္တရာလမ်းအရှည်၂၉ မိုင် ၅ ဖာလုံ၊ ဟားခါး-မတူပီလမ်း ၃၄ ပေ အကျယ် လမ်းတာချဲ့ခြင်း ၄ မိုင် ၃ ဖာလုံနှင့် အဆိုပါလမ်းများ တလျှောက် ရေထုတ်ပြွန်စုစုပေါင်း (၇၅)ခုကို တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

မြင့်နိုင်စိုး(ထီးလှိုင်မြေ)