ပြင်သစ်လီဂူးဝမ်းအဖွင့်ပွဲစဉ်အဖြစ် ဩဂုတ် ၁၈ ရက် နံနက် ၁ နာရီ ၁၅ မိနစ်က ယှဉ်ပြိုင်ကစားခဲ့သည့် နန့်တက်စ်နှင့် ပီအက်စ်ဂျီအသင်းပွဲစဉ်တွင် ပီအက်စ်ဂျီအသင်းက ပွဲကစားချိန် ၆၇ မိနစ်တွင် ရရှိခဲ့သော ဗစ်တင်ညာ၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ပီအက်စ်ဂျီအသင်းသည် နန့်တက်စ်အသင်းကို ပွဲချိန်တစ်လျှောက် ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးပေါက်ကန်သွင်းမှုအသာဖြင့် ထိန်းချုပ်ကစားနိုင်ခဲ့သည်။ နန့်တက်စ်အသင်းသည် ပီအက်စ်ဂျီ အသင်း၏ ဖိအားပေးကစားမှုအောက် ပုံစံကောင်းပျောက်ဆုံးခဲ့သည့်အပြင် အသင်းတိုက်စစ်က ဂိုးပေါက်တည့်မတ်အောင်ပင် စွမ်းဆောင်နိုင်ခြင်းမရှိခဲ့ပေ။ ပွဲကစားချိန် ၇၇ မိနစ်တွင် ပီအက်စ်ဂျီ အသင်း တိုက်စစ်ကစားသမား ရာမို့စ်အသင်းအတွက် ဒုတိယမြောက်သွင်းဂိုး သွင်းယူနိုင်ခဲ့သော် လည်း ဗီအေအာရ်ပြန်လည်ကြည့်ရှုစစ်ဆေးပြီးနောက် ပယ်ဖျက်ခဲ့သည့်အတွက် နစ်နာခဲ့ရသည်။
ပရီမီယာလိဂ်ကလပ် ဘုန်းမောက်အသင်းမှ ပြောင်းရွှေ့ကြေး ပေါင် ၅၇ သန်းဖြင့် ပြောင်းရွှေ့ ရောက်ရှိလာသော အီလီယာဇာဘာညီသည် ပီအက်စ်ဂျီအသင်းတွင် ပွဲဦးထွက်ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ခြေစွမ်းကောင်းအချို့ပြသနိုင်ခဲ့သည်။ လူးဝစ်အင်းနရစ်၏ ပီအက်စ်ဂျီအသင်း သည် ဩဂုတ် ၁၄ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ စူပါဖလားဗိုလ်လုပွဲတွင် စပါးအသင်းကို ပယ်နယ်တီအဆုံးအဖြတ်တွင် နိုင်ပွဲရယူကာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ယူအီး အက်ဖ်အေ စူပါဖလားကို ဆွတ်ခူးအောင်ပွဲခံနိုင်ခဲ့သည်။
အောင်ဇော်


