နေပြည်တော်  ၁၃  မတ် 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး H.E Mr. Tim Enderlin တို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးရုံး မေခလာခန်းမ၌ တွေ့ဆုံကြသည်။ 

တွေ့ဆုံစဉ် ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာများ၊ မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးတွင် ဆွစ်ဇာလန်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်း လူမှုသဟဇာတ မျှတရေးဆိုင်ရာများ၊ အမျိုးသားအဆင့် IDP စခန်းများ ပိတ်သိမ်းခြင်းဆိုင်ရာ မဟာဗျူဟာ ရေးဆွဲဆောင်ရွက်ခြင်းတွင် ဆွစ်ဇာလန်နိုင်ငံမှ ကျွမ်းကျင်ပညာရှင် Professor Walter Kalin ပူးပေါင်းဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအတွက် လူသားချင်း စာနာကူညီမှု ဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံးတို့မှ ပူးပေါင်းဆောင်ရွက်နေမှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးနှင့် ဘေးအန္တရာယ်လျှော့ချရေး လုပ်ငန်းစဉ်များတွင် Swiss Agency for Development and Cooperation က ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။
 (သတင်းစဉ်)