ကျောက်မဲ  ၁၃   မတ်

 

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ လုပ်ငန်းများ ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ရေးဆွဲခြင်းဆိုင်ရာ ကော်မတီအစည်းအဝေးကို မတ်လ(၁၃) ရက် နံနက်(၁၀) နာရီ အချိန်က ကျောက်မဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 

 

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကျောက်မဲခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်က အမှာစကားပြောကြားခဲ့ရာ ယခုလက်ရှိ ကျောက်မဲခရိုင်အတွင်း၌ တိုက်ပွဲရှောင်စခန်းများတွင် နေရပ်စွန့်ခွာ လာရောက်ခိုလှုံလျက်ရှိသော ကျေးရွာအိမ်ထောင်စုများတွင် ကလေးသူငယ်များ အများအပြားပါဝင်ကြောင်း အဆိုပါ ကလေးငယ်များ အတွက် UNICEF MYANMAR မှ ကလေးငယ်များ၏ အခွင့်အရေး မဆုံးရှုံးစေရေး၊ ကာကွယ်စောင့်ရှောက်နိုင်ရေးများနှင့်စပ်လျဉ်း၍ ထောက်ပံ့ကူညီဆောင်ရွက်ပေးနိုင်ရေး၊ ၄င်းတို့၏ ကျန်းမာရေး၊ ပညာရေး၊ လွတ်လပ်စွာ နေထိုင်ခွင့်တို့အတွက် ဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့သည်။

 

ဆက်လက်၍ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိဒေါ်စိုးစိုးမော်က DCRC အစည်းအဝေး                       ပြုလုပ်ရခြင်း ရည်ရွယ်ချက်၊ CRC သမိုင်းကြောင်း ကလေးသူငယ်အခွင့်အရေး (၄) ရပ် ဖြစ်သည့် ကလေး သူငယ်များ အသက်ရှင်နေထိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့် ပါဝင်ဆောင်ရွက် ခွင့်နှင့်အခြေခံမူ(၄) ရပ် တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

 

ဆက်လက်၍ UNICEF MYANMAR မှ ဦးဂျီယော်ဟိန်းက ကလေးသူငယ် ကာကွယ် စောင့်ရှောက်ခြင်း လုပ်ငန်းနှင့်ပတ်သက်၍ လက်ရှိလုပ်ဆောင်နေသည့် လုပ်ငန်းများအကြောင်း ကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ဖြူဖြူအောင်က ဆောင်ရွက်လျက် ရှိသော ကလေးသူငယ်အခွင့်အရေးဆိုင်ရာ လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

 

ကလေးသူငယ်များကာကွယ်စောင့်ရှောက်ရေးအတွက် အတူပူးပေါင်းဆောင်ရွက်ကြမည့် သက်ငယ် မုဒိမ်းမှု မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်တားဆီးရေး၊ ဆေးလိပ်အရက်နှင့် မူးယစ်ဆေးဝါးများ မသုံးစွဲစေရေး၊ ကလေးအလုပ်သမားများ လျော့နည်းလာစေရေး၊ ဆက်သွယ်ရေး နည်းပညာများကို အကျိုးရှိစွာ သုံးစွဲနိုင်စေရေး အစရှိသောအချက်များကို ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင် များမှ ရှေ့လုပ်ငန်းစဉ်များကို ဝိုင်းဝန်းပြန်လည် သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း ခရိုင် ပြန်/ဆက်မှ သိရသည်။

 

MDN