ဩဂုတ် ၁၉

အိန္ဒိယနိုင်ငံ၏စီးပွားရေးမြို့တော်မွမ်ဘိုင်းတွင် ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အပျက်အစီးများဖြစ်ပေါ်ခဲ့ရာ တာဝန်ရှိသူများက စာသင်ကျောင်းများနှင့် ကောလိပ်များအားလုံးအား တစ်ရက်တာ အားလပ်ရက်အဖြစ် ကြေညာခဲ့ပြီး မလိုအပ်ပဲအပြင်သို့ထွက်ခွာခြင်းမပြုကြရန် ပြောကြားခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြို့တွင်းရှိနေရာအများအပြားတွင် လမ်းများရေနစ်မြုပ်၊ ရေလွှမ်းမိုးခဲ့ပြီး  ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။

ရာသီဥတုဆိုးရွားမှုကြောင့်လည်းလေကြောင်းပျံသန်းမှုများလည်းထိခိုက်စေခဲ့သည်။ လေယာဉ်နောက်ဆုံး ဆင်းသက်ခြင်းမပြုလုပ်မီပျံသန်းမှုလမ်းကြောင်းပြောင်းခဲ့ရကြောင်း မွမ်ဘိုင်းလေဆိပ် ပြောရေးဆိုခွင့်ရှိသူ တစ်ဦး၏ ပြောကြားချက်ကိုကိုးကား၍ ဒေသတွင်းမီဒီယာကဖော်ပြထားသည်။

ထိုမြို့တွင်သုံးရက်ဆက်တိုက် မိုးရွာသွန်းလျက်ရှိသည်ဟုသိရသည်။ မြို့ပေါ်နှင့်ဆင်ခြေဖုံးများတွင် မိုးအသင့်အတင့်မှသည်းထန်စွာရွာသွန်းမှု စံချိန်တင်ခဲ့ကြောင်း မိုးလေဝသဌာနကပြောကြားသည်။ မိုးလေဝသဌာနက ဒေသအချို့တွင် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း အနီရောင်သတိပေးချက်များ ထုတ်ပြန်ထားသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို