မန္တလေး  ၁၃   မတ် 

 

Mandalay Community Center အပါအဝင် မြစ်ချောင်းများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ ၂၀၁၉ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ချမ်းအေးသာစံမြို့နယ်ရှိ Hotel Sakura Princess ၌ ကျင်းပသည်။

 

အခမ်းအနားတွင် အသိပညာပေး ဗီဒီယိုမှတ်တမ်းများ ပြသခြင်း၊ သက်ဆိ်ုင်ရာဒေသများရှိ မြစ်ချောင်းများအပေါ်ထားရှိသည့် ဒေသခံများ၏ သဘောထားနှင့် ခံစားချက်များ ရှင်းလင်း ပြောကြားခြင်း၊ လက်ရှိမြစ်ချောင်းများအခြေအနေနှင့် ပတ်သက်သည်များအား သုံးသပ် ဆွေးနွေး ခြင်း၊ မြစ်ချောင်းများနှင့် ပတ်သက်သည့် ယဉ်ကျေးမှုများဖလှယ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည့် အပြင် "မြစ်ချောင်းများ လွတ်လပ်စွာ စီးဆင်းပါစေ'' ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးခြင်း၊ ကဗျာ ရွတ်ဖတ်ခြင်း၊ အနုပညာနှင့် ယဉ်ကျေးမှုများ မျှဝေဖျော်ခြေခြင်းစသည့် အစီအစဉ်များကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားနှင့် ပတ်သက်၍ ကရင်မြစ်ချောင်းများစောင့်ကြည့်ရေး အဖွဲ့မှ ဦးစောသာဘိုးက မိမိတို့နိုင်ငံ တစ်ဝန်းရှိ မြစ်ဝှမ်းများတွင် တည်ရှိခဲ့သည့် သမိုင်းများ၊ ယဉ်ကျေးမှုများ အား တစ်ဦးနှင့် တစ်ဦး ချိတ်ဆက်ရန်၊ ဖလှယ်ရန်၊ လူသားများ၏ ရှင်သန်ဖွံ့ဖြိုးမှုအတွက် မြစ်များ၊ သဘာဝပတ်ဝန်းကျင် များမရှိဘဲ မဖြစ်နိုင်သကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးသို့သွားရာတွင် မြစ်ဝှမ်းများနှင့် သဘာဝပတ်ဝန်းကျင်အတွက် ပြန်လည်ဖြည့်ဆည်းပေးရန် လိုအပ်ချက်များအား သတိရစေရန် မြစ်များမှ ပြောသောစကားသံများအား နားထောင်ရန်၊ မြစ်များ၏ အားနည်းမှု၊ စီမံကိန်းများ ဆောင်ရွက်မှုများကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ အကျိုးဆက်များအား မည်ကဲ့သို့ ရင်ဆိုင်ကြုံတွေ့နေရသည်ဆိုသည့် ဒေသခံတိုင်းရင်းသားများ၏ သဘောထားနှင့် ခံစားချက်များကို သိရှိစေရန်၊ ယနေ့အချိန်အခါတွင် မိမိတို့တိုင်းပြည်အနေဖြင့် စစ်မှန်သည့် ဖွံ့ဖြိုးတိုးတက်မှု၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများရရန် လိုအပ်လျက်ရှိရာ မူဝါဒများ ရေးဆွဲရာတွင်  အောက်ခြေ အဆင့်အထိ ဒေသခံများ၏ အသံအား နားမထောင်ဘဲ မူဝါဒများ ရေးဆွဲပြီး အကောင်အထည် ဖော်သည့်အခါ နောက်ဆက်တွဲအနေဖြင့် မြစ်များ၊ သယံဇာတများနှင့် ၄င်းဒေသရှိ ယဉ်ကျေးမှုများ ဆုံးရှုံးသွားနိုင်သဖြင့် မူဝါဒများရေးဆွဲရာတွင် အထောက်အပံ့ဖြစ်စေမည့် ဒေသခံများ၏ အသံများ၊ ပညာရှင်များ၏ ဝေဖန်အကြံပြုချက်များအား နားထောင်မည်ဆိုပါက ဒေသခံတိုင်းရင်းသားများနှင့် နှလုံးသားချင်းချိတ်ဆက် ခံစားနိုင်၇န်စသည့် ရည်ရွယ်ချက်များဖြင့် နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားများ မြစ်ချောင်းများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များ ပူးပေါင်း၍ ယနေ့အခမ်းအနားကို ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

အဆိုပါအခမ်းအနားကို မတ် ၁၃ နှင့် ၁၄ ရက်နှစ်ရက်တာပြုလုပ်သွားမည်ဖြစ်ပြီး  ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ မြစ်ချောင်းများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အရပ်ဖက် အဖွဲ့အစည်းများမှ အဖွဲ့ဝင်များသည် မဟာအောင်မြေမြို့နယ်၊ ၃၅ ×၃၆ လမ်းကြား၊ ကမ်းနားလမ်းရှိ ဂေါဝိန်ဆိပ်ကမ်းမှ တစ်ဆင့် သင်္ဘောဖြင့် ဧရာဝတီမြစ်ကြောင်းအတိုင်း မင်းကွန်းဘက်သို့ သွားရောက်၍ သင်္ဘောပေါ်တွင် အခမ်းအနားနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်း၊ မြစ်ချောင်းများနေ့ ပေါ်ပေါက်ခဲ့သော သမိုင်းကြောင်းအား ရှင်းလင်းပြောကြားခြင်း၊ ကဗျာ ရွတ်ဖတ် ခြင်း၊ တေးသီချင်းများ သီဆိုဖျော်ခြေခြင်း၊ သင်္ဘောဆိုက်ကပ်သည့် ကျွန်းပေါ်ရှိ ဒေသခံများနှင့် တွေ့ဆုံ၍ မြစ်ချောင်းများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာ ပေးခြင်းနှင့် ဒေသခံများ၏ ခံစားချက်များ မေးမြန်းဆွေးနွေးခြင်းစသည့် အစီအစဉ်များကိုလည်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။ 

 

တင်မောင်(မန်းကိုယ်ပွား)

 

DSC_5194 - Copy