ဝါရှင်တန်     သြဂုတ်     ၂၀

အိမ်ဖြူတော်က ၎င်း၏  တရားဝင်တစ်တော့အကောင့်ကို ဩဂုတ် ၁၉ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။

အမေရိကန်သမ္မတ   ဒေါ်နယ်ထရမ့်က  တစ်တော့အက်ပလီကေးရှင်းကို    အမေရိကန်ကုမ္ပဏီ တစ်ခုသို့ ရောင်းချရန် သို့မဟုတ် နိုင်ငံအတွင်း၌   သုံးစွဲမှုတားမြစ် ပိတ်ပင်ရန်  စဉ်းစားသုံးသပ်လျက် ရှိစဉ် အိမ်ဖြူတော်က    တရားဝင်တစ်တော့အကောင့်ကို    စတင်ဖွင့်လှစ်အသုံးပြုခဲ့ခြင်းဖြစ်သည်။

အိမ်ဖြူတော်၏ တရားဝင်အကောင့်သည် ဩဂုတ် ၁၉ ရက် မွန်းလွဲပိုင်းတွင် ၎င်း၏ကနဦး  ဗီဒီယို တစ်ခုကို  စတင်ပို့စ်တင်ခဲ့သည်။ အဆိုပါဗီဒီယိုတွင် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ ထောက်ခံ အားပေးသူများနှင့် အပြန်အလှန်စကားပြောဆိုနေပုံကို မှတ်တမ်းတင်ရိုက်ကူးထားသည့် ဗီဒီယိုဖိုင် တစ်ခုဖြစ်ပြီး  ကြာမြင့်ချိန် ၂၇ စက္ကန့်ရှိကြောင်း သိရသည်။

ပို့စ်တင်ပြီးနောက် နာရီအနည်းငယ်အကြာတွင်  အိမ်ဖြူတော်၏  တရားဝင် တစ်တော့အကောင့်မှာ ထောက်ခံအားပေး သူ  ၅၇၀၀၀  ကျော်  ရရှိခဲ့ကြောင်း  သိရသည်။

ပြီးခဲ့သည့်နှစ်အတွင်း သမ္မတဒေါ်နယ်ထရမ့်၏ သမ္မတရွေးကောက်ပွဲအတွက် အသုံးပြုသည့်  တစ်တော့အကောင့်တွင် ထောက်ခံအားပေးသူ ၁၅ သန်းကျော်ရှိသည်။

Byte  Dance  ကုမ္ပဏီပိုင်ဆိုင်သည့် တစ်တော့အက်ပလီကေးရှင်းကို အမေရိကန်နည်းပညာကုမ္ပဏီ တစ်ခုသို့ ရောင်းချခြင်းမရှိပါက    နိုင်ငံအတွင်း၌ အသုံးပြုခွင့်ရပ်ဆိုင်းမည်ဆိုသည့်  အမိန့်တစ်ရပ်ကို    ဒေါ်နယ်ထရမ့်က ၎င်း၏ ပထမသက်တမ်းတွင် လက်မှတ်ရေးထိုးခဲ့သည်။ သို့သော်   အဆိုပါအမိန့် သည် အသက်ဝင်ခြင်းမရှိခဲ့ပေ။

ဒုတိယသက်တမ်းအတွင်း တစ်တော့သုံးစွဲခွင့် နောက်ဆုံးသတ်မှတ်ရက်ကို ဇန်နဝါရီ ၂၀ ရက်နှင့် ဧပြီ ၄ ရက်တို့တွင် ၇၅ ရက်စီ သက်တမ်းတိုးမြှင့်ခဲ့သည်။ ဇွန် ၁၉ ရက်တွင် နောက်ထပ်ရက်ပေါင်း ၉၀ ထပ်မံသက်တမ်းတိုးမြှင့်ခဲ့ရာ စက်တင်ဘာ ၁၇ ရက်အထိ နိုင်ငံအတွင်း တစ်တော့သုံးစွဲခွင့်ရရှိမည် ဖြစ်ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်