ဝယ်လင်တန် ဩဂုတ် ၂၀
နယူးဇီလန်နိုင်ငံ၌ ၂၀၂၃ ခုနှစ်က ဝင်ရောက်တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း ဂါဘရီရယ်သည် ကမ္ဘာတစ်ဝန်း မှတ်တမ်းတင်ခဲ့ဖူးသမျှထဲတွင် အဆိုးရွားဆုံး မြေပြိုကျမှုများထဲမှ တစ်ခုဖြစ်ကြောင်း ဩဂုတ် ၁၉ ရက်က ထုတ်ပြန်သောလေ့လာမှုတစ်ရပ်အရ သိရသည်။
ဆိုင်ကလုန်းမုန်တိုင်း ဂါဘရီရယ်ကြောင့် မြေပြိုကျမှုပေါင်း ၈၀၀၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီး နယူးဇီလန် နိုင်ငံ မြောက်ကျွန်းဒေသတွင် စတုရန်းကီလိုမီတာ ၁၀၀ ခန့် ဖုံးလွှမ်းသွားခဲ့ကြောင်း ကမ္ဘာမြေသိပ္ပံ ဆိုင်ရာ နယူးဇီလန်အဖွဲ့က ထုတ်ပြန်သော ခွဲခြမ်းစိတ်ဖြာချက်များအရ သိရသည်။
Landslides ဂျာနယ်တွင် ဖော်ပြထားသော ခွဲခြမ်းစိတ်ဖြာချက်များတွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက ဖြစ်ပွားခဲ့သော ဆိုင်ကလုန်းမုန်တိုင်းအတွင်း မိုးအလွန်သည်းထန်စွာရွာသွန်းခဲ့ပြီး မြေပြိုကျမှုများ အကြီးအကျယ်ဖြစ်ပေါ်စေခဲ့ကြောင်း တွေ့ရသည်။
အချို့နေရာများတွင် ၂၄ နာရီအတွင်း မိုးရေချိန် ၅၀၀ မီလီမီတာအထိ စံချိန်တင်ရောက်ရှိခဲ့ကြောင်း၊ ယင်းပမာဏမှာ ယခင်က စံချိန်တင်ခဲ့သည့် ပမာဏထက် ၅၀ ရာခိုင်နှုန်း ပိုများပြားခဲ့ကြောင်း ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တစ်ဦးဖြစ်သူ ထရီဗာကာရေးစမစ်ဇ်က ပြောသည်။
ဆင်ဟွာ


