နေပြည်တော်    ဩဂုတ်    ၂၀

သြဂုတ် ၆ ရက်မှ   ၁၉ ရက်အထိ ဗီယက်နမ်နိုင်ငံ၌  ကျင်းပပြီးစီးခဲ့သည့် ၂၀၂၅ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဒုတိယဆုရခဲ့သည့်  မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် တစ်ဦးချင်း ဆု နှစ်ခုရရှိခဲ့သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ပြိုင်ပွဲအပြီးတွင် သွင်းဂိုးအများဆုံးဆုနှင့်   အကောင်းဆုံးဂိုးသမားဆုတို့    ရရှိခဲ့ခြင်းဖြစ်ပြီး တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက   သွင်းဂိုးခုနစ်ဂိုးဖြင့် သွင်းဂိုးအများဆုံး ရရှိခဲ့သည်။ဝင်းသိင်္ဂီထွန်းသည် ဗိုလ်လုပွဲမှလွဲ၍ အုပ်စုသုံးပွဲနှင့် ဆီမီးဖိုင်နယ်တို့တွင်  ဂိုးသွင်းယူနိုင်ခဲ့ပြီး တီမောအသင်းနှင့် အုပ်စုပွဲတွင်    ဟက်ထရစ်သွင်းယူနိုင်ခဲ့သည်။ ထို့ပြင်  ပွဲစဉ်အလိုက် အကောင်းဆုံးဆုကိုလည်း သုံးပွဲဆက်တိုက်ရရှိခဲ့သည်။

မြန်မာ့လက်ရွေးစင်  အမျိုးသမီးအသင်း  ဂိုးသမား  မျိုးမြမြငြိမ်းသည် ပွဲအားလုံးတွင် ပြိုင်ဘက်အသင်း သွင်းယူသည့် ဂိုးသွင်းခွင့်များကို လက်စွမ်းပြကာ ကွယ်နိုင်ခဲ့သဖြင့် အကောင်းဆုံးဂိုးသမား ဆုရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ယခုနှစ် အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲတွင်  ဆယ်နှစ်ကြာဝေးကွာနေ သည့် ဗိုလ်လုပွဲသို့ တစ်ကျော့ပြန်တက်ရောက်နိုင်ခဲ့သော်လည်း သြစတြေးလျအသင်းကို တစ်ဂိုး-ဂိုးမရှိ ဖြင့် ရှုံးနိမ့်ကာ ချန်ပီယံဆုနှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။       

သတင်း - ရှိုင်းထက်ဇော်

ဓာတ်ပုံ - MFF