နေပြည်တော် ၁၃ မတ်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အင်ဂျန်းယန် မဲဆန္ဒနယ်မှ ဦးလမာနော်အောင်၏ စစ်ဘေးရှောင်စခန်းတွင် ရောက်ရှိနေသော ပြည်သူများ ကြုံတွေ့နေရသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း အခက်အခဲကိစ္စများနှင့် ပတ်သက်၍ ပြည်ထောင်စုဖွား တိုင်းရင်းသား စစ်စစ်ဖြစ်ပါလျက်နှင့် ခွဲခြားကန့်သတ် ချုပ်ချယ်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွှတ်မှု ရှိ၊ မရှိနှင့် အခြားစစ်ဘေးရှောင်စခန်း အသီးသီးသို့ ရောက်ရှိနေကြသည့် တိုင်းရင်းသား ပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းအား မည်သို့စီမံဆောင်ရွက်ထားသည်တို့ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ပြည်ထောင်စုဖွား တိုင်းရင်းသားများကို ခွဲခြား၊ ကန့်သတ်၊ ချုပ်ချယ်ခြင်း မိမိဝန်ကြီးဌာန အနေဖြင့် လုံးဝမရှိပါကြောင်း၊ အင်ဂျန်းယန် နယ်မြေအတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် ဒေသခံ တိုင်းရင်းသားပြည်သူများအား စစ်ဆေးနေခြင်းသည် နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် ဥပဒေနှင့်အညီ စစ်ဆေးခြင်းသာ ဖြစ်ပါကြောင်းနှင့် မိမိဝန်ကြီးဌာနအနေဖြင့် ဒေသခံတိုင်းရင်းသား ပြည်သူများကို မည်သည့်ကန့်သတ်ချက်မျှ ဆောင်ရွက်ထားခြင်း မရှိပါကြောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း။
အင်ဂျန်းယန်မြို့နယ် ဦးစီးမှူးရုံးမှ မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်ရှိ ခေတ္တနေရပ်စွန့်ခွာသူများ ရောက်ရှိနေထိုင်သည့် စခန်းများတွင် သစ္စာစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားဆောင်ရွက်ပေးနိုင်မှုမှာ အိမ်ထောင်စု ၄၂ စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၃၅ ဦးထုတ်ပေးပြီး ဖြစ်ပါကြောင်း၊ အင်ဂျန်းယန်မြို့နယ် ဦးစီးမှူးရုံးအနေဖြင့် သစ္စာစီမံချက် လုပ်ငန်းစဉ်အတိုင်း အင်ဂျန်းယန်မြို့နယ်မှ မြစ်ကြီးနားနှင့် ဝိ်ုင်းမော်မြို့နယ်သို့ ရောက်ရှိနေထိုင်သည့် ခေတ္တနေရပ်စွန့်ခွာ နေထိုင်သူများအား ယာယီအိမ်ထောင်စုနှင့် လူဦးရေစာရင်းများကို ထုတ်ပေးထားရှိပြီး ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ နေရပ်လိပ်စာ မှန်ကန်ကြောင်း အတည်ပြုထောက်ခံချက်ရရှိပြီးပါက တရားဝင် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းကို ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း။
အင်ဂျန်းယန်မြို့နယ်အတွင်းမှ ကျေးရွာအုပ်စု ၁၅ အုပ်စု၊ ကျေးရွာ ၅၄ ရွာသည် ကချင်ပြည်နယ် အစိုးရအဖွဲ့၏ အုပ်ချုပ်ရေး လက်လှမ်းမမီသော ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ဒေသများဖြစ်ပါကြောင်း၊ ကျေးရွာအုပ်စု ၁၅ စုနှင့် ကျေးရွာ ၅၄ ရွာသည် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူစဉ် ကလည်း နယ်မြေလုံခြုံရေးအရ စာရင်းကောက်ယူနိုင်ခြင်း မရှိခဲ့သော ကျေးရွာအုပ်စုနှင့် ကျေးရွာများဖြစ်ပါကြောင်း၊ အင်ဂျန်းယန်မြို့နယ်မှ နယ်မြေလုံခြုံရေးအရ ခေတ္တနေရပ် စွန့်ခွာရောက်ရှိနေထိုင်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို ခွဲခြားကန့်သတ် ချုပ်ချယ်မှုမရှိဘဲ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ပူတာအို မဲဆန္ဒနယ်မှ ဦးမိုးရွှေ၊ ပြည်ကြီးတံခွန် မဲဆန္ဒနယ်မှ ဦးကျော်စိုးလင်း၊ သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ဦးရွှေလှ(ခ)ဦးရွှေလှဝင်း၊ လားရှိုးမဲဆန္ဒနယ်မှ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် မကွေးမဲဆန္ဒနယ်မှ ဦးမြင့်ဦးတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် နေပြည်တော်ကောင်စီဝင် ဦးညီထွန်းတို့က ရှင်းလင်းဖြေကြားကြသည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လက်မှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ တင်သွင်းသည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဦးဝေလှိုင်ထွန်းက ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီမှ ပြင်ဆင်ရန် တင်ပြသည့်အချက် ၅၉ ချက်ကို လွှတ်တော်က အတည်ပြုပေးပါရန် တင်ပြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူ အတည်ပြုသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါ ဥပဒေကြမ်းတစ်ရပ်လုံးကို အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုရန် လွှတ်တော်၏ ဆန္ဒရယူရာ သဘောမတူသူ မရှိသည့်အတွက် လွှတ်တော်မှ အတည်ပြုကြောင်းနှင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
ထို့နောက် ဝေါ မဲဆန္ဒနယ်မှ ဦးတင်ထွေးတင်သွင်းသည့် မြို့ပြများတွင် တရားဥပဒေစိုးမိုးပြီး ပြည်သူလူထု၏ လူနေမှုဘဝ လုံခြုံမှုရှိစေရန် ရာဇဝတ်မှုများ ဖြစ်ပေါ်နေမှု ကို ကာကွယ်တားဆီးနိုင်ရန်အတွက် ဦးစားပေးအဆင့်မြင့် ဆောင်ရွက်ပေးနိုင်ပါရန် နိုင်ငံတော်အစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
လောင်းလုံမဲဆန္ဒနယ်မှ ဒေါ်ခင်စန္ဒီက မိမိနိုင်ငံ၏ ပြည်သူများနေ့စဉ်လှုပ်ရှား နေထိုင်ရသည့်ဘဝတွင် စိတ်ချလုံခြုံစွာ နေထိုင်နိုင်ရေးသည် အရေးကြီးသည့် အချက်တစ်ချက် ဖြစ်ပါကြောင်း၊ နိ်ုင်ငံဖွံ့ဖြိုးတိုးတက်ရေးသည် တရားဥပဒေ စိုးမိုးရေးနှင့် ဆက်စပ်နေပါကြောင်း၊ နိုင်ငံအတွင်းတွင် တရားဥပဒေစိုးမိုးမှုရှိမှသာ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များလည်း စိတ်ချလက်ချ ရင်းနှီးမြှုပ်နှံလာမည် ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ ရှိလာပါက ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများလည်း ရရှိလာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်လည်း မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း။
တစ်နေ့တစ်ခြားဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများကြောင့် မြို့ပြများတွင် ရှိသည့် ပြည်သူများသာမက ကျေးလက်ဒေသများ၊ တိုင်းရင်းသား ဒေသများတွင်ရှိသည့် ပြည်သူများ၏ လုံခြုံမှုရှိရေးကို စီမံချက်မှတ်ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ ပြည်သူများ၏ လူနေမှုဘဝ လုံခြုံရေးအတွက် ဆောင်ရွက်ကြရာတွင် အကောင်အထည်ဖော်သူနှင့် လက်ခံရရှိသူ နှစ်ဦးစလုံး ဥပဒေ၏ အထက်တွင်မရှိရဘဲ တရားဥပဒေစိုးမိုးရေးကို ဦးတည်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် မြို့ပြများတွင် ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများကို လျှော့ချရန်အတွက် စနစ်တကျ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အဓိက ပြုပြင်ပြောင်းလဲမည်ဆိုပါက ပြည်သူလူထု၏ ဘဝလုံခြုံရေးကို အနီးကပ် ကာကွယ်ပေးရသည့် အဖွဲ့အစည်းဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဘက်ပေါင်းစုံမှ ပြုပြင်ပြောင်းလဲရမည် ဖြစ်ပါကြောင်း၊ တပ်ဖွဲ့ဝင်အင်အားကို တိုးမြှင့်ဖွဲ့စည်းရန်၊ အရည်အသွေးမီသည့် ခေတ်မီလက်နက်များ တပ်ဆင်ပေးရန်နှင့် ဘဝအာမခံချက်ရှိမည့် လုံလောက်သည့် လစာငွေထောက်ပံ့ငွေပေးရန်တို့သည် ဖြည့်ဆည်း ပေးရမည့် အချက်ဖြစ်ပါကြောင်း၊ ရဲတပ်ဖွဲ့အတွက် လိုအပ်သည့် ခေတ်မီနည်းပညာ သင်ကြားပို့ချပေးနိုင်ရန်အတွက် ပြည်တွင်း၌သာ ဆောင်ရွက်ရုံသာမက အာဆီယံနိုင်ငံများ အပါအဝင် နိုင်ငံတကာ ရဲတပ်ဖွဲ့များနှင့်လည်း ချိတ်ဆက်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ယင်းအချက်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် ရဲတပ်ဖွဲ့၏ ဘတ်ဂျက်ကို တိုးမြှင့်သုံးစွဲပေးရန်ကိုလည်း အကြံပြုလိုပါကြောင်း ဆွေးနွေးသည်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးထင်ဇော်လွင်က တရားဥပဒေစိုးမိုးရေး မဟာဗျူဟာများ၊ စီမံချက်များ ချမှတ်ပြောင်းလဲနေသော်လည်း တည်ဆဲဥပဒေများ လက်တွေ့အာဏာသက်ရောက်ရန် အကောင်အထည်ဖော်ရန် လိုအပ်နေဆဲ အခြေအနေဖြစ်ပါကြောင်း၊ ဥပဒေကို လေးစားလိုက်နာသည့် နိုင်ငံသားများ ဖြစ်လာစေရန်အတွက် တည်ဆဲဥပဒေများကို ကိုင်တွယ်ကျင့်သုံးနေသည့် လူပုဂ္ဂိုလ်များ၊ တရားစီရင်ရေး အဖွဲ့အစည်းများကိုယ်တိုင် ဥပဒေကို လေးစားလိုက်နာသည့်သူများဖြစ်ရန် လိုအပ်ပါကြောင်း။
တရားဥပဒေစိုးမိုးမှု ရှိလာရန်၊ ပြည်သူများ၏ လူမှုဘဝများ လုံခြုံရန်နှင့် ရာဇဝတ်မှုများ ကာကွယ်ထိန်းသိမ်း ရန်တို့အတွက် တရားဥပဒေစိုးမိုးမှုအတွက် လိုအပ်သည့် အခြေခံ အကြောင်းတရားများနှင့် ရာဇဝတ်မှု ဖြစ်ပွားစေသည့် အခြေခံ အကြောင်းတရားများကို ဦးစွာဖြေရှင်းဆောင်ရွက်နိုင်မှသာ ရေရှည်ခိုင်မာသည့် ဥပဒေစိုးမိုးရေး အခြေအနေကို ရရှိနိုင်မည်ဖြစ်သကဲ့သို့ ပြည်သူများ ယနေ့ရင်ဆိုင်နေရသည့် လူမှုဘဝ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည်ဖြစ်ပါကြောင်း အကြံပြုဆွေးနွေးသည်။
အဆိုနှင့်စပ်လျဉ်း၍ အရာတော် မဲဆန္ဒနယ်မှ ဒေါက်တာဦးခင်မောင်သင်း၊ အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချို၊ ကြည့်မြင်တိုင် မဲဆန္ဒနယ်မှ ဦးဇော်ဝင်း၊ သနပ်ပင် မဲဆန္ဒနယ်မှ ဦးမြင့်ဦး၊ ပန်းတောင်း မဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်၊ ဗဟန်း မဲဆန္ဒနယ်မှ ဦးထွန်းမြင့်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မဲဆန္ဒနယ်မှ ဦးနေကျော်၊ ဒလမဲဆန္ဒနယ်မှ ဒေါက်တာဦးစိန်မြအေး၊ ဘားအံ မဲဆန္ဒနယ်မှ ဒေါ်နန်းသန်း သန်းလွင်၊ တံတားဦး မဲဆန္ဒနယ်မှ ဒေါ်စိုးနွယ်အေး၊ မင်းဘူး မဲဆန္ဒနယ်မှ ဦးဝင်းဝင်း၊ ချောက် မဲဆန္ဒနယ်မှ ဦးဘိုကြီး၊ ပျော်ဘွယ် မဲဆန္ဒနယ်မှ ဦးသောင်းအေး၊ ဖားကန့် မဲဆန္ဒနယ်မှ ဦးတင့်စိုး၊ ဒီပဲယင်းမဲဆန္ဒနယ်မှ ဦးဝင်းမြင့်အောင်၊ ဘီးလင်း မဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး မိုးဦးကျော်၊ ထားဝယ်မဲဆန္ဒနယ်မှ ဦးအောင်စိန်နှင့် ဒေးဒရဲ မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်ညိုတို့က ဆက်လက်ဆွေးနွေးကြသည်။
ယင်းနောက် အဆိုနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက နိုင်ငံတစ်နိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးသည် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအပေါ်တွင် တည်မှီနေပါကြောင်း၊ ထို့အတူ လုံခြုံရေးနှင့် တရားဥပဒေစိုး မိုးရေးသည်လည်း ဆက်စပ်လျက်ရှိပြီး အပြန်အလှန် အကျိုးသက်ရောက်မှုရှိသဖြင့် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးနှစ်ခုစလုံး အားကောင်းအောင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မှုခင်းဖြစ်ပွားမှု မြင့်မားခြင်းသည် ဒီမိုကရေစီဖြစ်ထွန်းခါစ နိုင်ငံများအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်ခြင်းကြောင့် မှုခင်းကြိုတင်ကာကွယ်ရေးသည် ရဲတပ်ဖွဲ့တွင်သာ တာဝန်ရှိသည်မဟုတ်ဘဲ အဖွဲဲ့အစည်းပေါင်းစုံမှ ကဏ္ဍပေါင်းစုံ တွင် စုပေါင်းလုပ်ဆောင်ရမည့် တာဝန်ဖြစ်ခြင်းစသည့် အခြေခံအကြောင်းတရားများကြောင့် အမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျူဟာတစ်ရပ် ရေးဆွဲချမှတ်ဆောင်ရွက်ရန် လိုအပ်လာပါကြောင်း။
အမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျူဟာရေးဆွဲ အကောင်အထည်ဖော်ရေး ဗဟိုအဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ဆက်စပ်ဝန်ကြီးဌာနများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များဖြင့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC)မှ ကျွမ်းကျင် ပညာရှင်များ၊ ဆက်စပ်ဝန်ကြီးဌာနများ၊ အစိုးမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျူဟာ(၂၀၁၈-၂၀၂၂) (မူကြမ်း)ကို ရေးဆွဲခဲ့ရာ ၂၀၁၈ခုနှစ် စက်တင်ဘာ ၄ ရက်တွင် အပြီးသတ်ခဲ့ပါကြောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့၏ ၂၀၁၉ ခုနှစ် ဇန်နဝါရီတွင် အတည်ပြုချက်ရရှိပြီး ဖြစ်သောကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများသို့ မှုခင်းကျဆင်းရေး မဟာဗျူဟာများနှင့် နည်းဗျူဟာများကို ဖြန့်ဝေပေးပို့၍ စတင်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အင်အားတိုးမြှင့်ရေးကို မူအဖြစ် ခွင့်ပြုပြီးဖြစ်၍ ဖွဲ့စည်းပုံအင်အား ပြည့်မီရေး ကြိုးပမ်းဆောင်ရွက်နေခြင်း၊ တရားဥပဒေစိုးမိုးပြီး ပြည်သူ့တစ်ဘဝ လုံခြုံရေးအတွက် အမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျူဟာကို ရေးဆွဲ၍ ၂၀၁၈-၂၀၂၂ ခုနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းတို့ကြောင့် အဆိုအား မှတ်တမ်းအဖြစ် ထားရှိပေးပါရန် ရှင်းလင်းပြောကြားသည်။
ယင်းနောက် အဆိုရှင် ဦးတင်ထွေးက အဆိုအား မှတ်တမ်းတင် စောင့်ကြည့်အဖြစ် ခွင့်ပြုပေးပါရန် ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့်စပ်လျဉ်း၍ မှတ်တမ်းတင်စောင့်ကြည့်ရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူ မရှိသည့်အတွက် အဆိုအား မှတ်တမ်းတင်စောင့်ကြည့်မည်ဖြစ်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၅) ရက်မြောက်နေ့ကို မတ် ၁၄ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အေးအေးသန့်(သတင်းစဉ်)


