ရန်ကုန် ၁၃  မတ်

၁၃၈၀ ပြည့်နှစ် မဟာသင်္ကြန်ပွဲတော်ကာလ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း လမ်းလျှောက်သင်္ကြန် ၆ နေရာအထိ တိုးချဲ့ခွင့်ပြုပေးမည်ဖြစ်ကြောင်း မဏ္ဍပ်နေရာချထားရေးနှင့် ကြံခိုင်မှုစစ်ဆေးရေးကော်မတီ အဖွဲ့ဝင် ဦးသန်းဟုတ်က ပြောကြားသည်။

 

1

 

ယခင်နှစ်က သခင်မြပန်းခြံ၊ မဟာဗန္ဓုလပန်းခြံလမ်း၊ ကန်တော်ကြီး၊ ဦးဥတ္တမပန်းခြံတို့တွင် လမ်း လျှောက်သင်္ကြန်များ ကျင်းပနိုင်ခဲ့ပြီး ယခုနှစ်တွင် အဆိုပါနေရာများအပြင် အင်းလျားလမ်း(ပြည်လမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းအကြား)နှင့် မြကျွန်းသာတို့၌လည်း လမ်းလျှောက်သင်္ကြန်များ ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။

“မနှစ်က လမ်းလျှောက်သင်္ကြန်က တော်တော်လေးစည်စည်ကားကား ဖြစ်တဲ့အခါကျတော့ ဒီနှစ်တော့ နေရာ ၆ နေရာလောက် ခွင့်ပြုဖို့လျာထားပါတယ်။ ဒီနှစ်ထပ်တိုးတဲ့နေရာက အင်းလျားလမ်းနဲ့ မြကျွန်းသာ ထဲမှာ လမ်းလျှောက်သင်္ကြန်နှစ်နေရာ ထပ်တိုးခွင့်ပြုပေးမှာပါ” မဏ္ဍပ်နေရာချထားရေးနှင့် ကြံခိုင်မှု စစ်ဆေးရေးကော်မတီအဖွဲ့ဝင် ဦးသန်းဟုတ်က ပြောကြားသည်။ 

မဏ္ဍပ်များ ဆောက်လုပ်ခွင့်လျှောက်လွာများကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ စတင်ထုတ်ပေးခဲ့ပြီး မတ်လ ၁ ရက်နေ့မှစ၍ လျှောက်လွှာများလက်ခံခဲ့ကြောင်း သိရသည်။ ယနေ့အထိ မဏ္ဍပ်ဆောက်လုပ်ခွင့်လျှောက် လွှာ ၄၂ စောင်ထုတ်ယူထားပြီး ပြည်လမ်းမတွင် မဏ္ဍပ်အကြီးဆောက်လုပ်ရန် လျှောက်လွှာတစ်စောင်၊ အင်းလျားလမ်းနှင့် မြကျွန်းသာတို့တွင် လမ်းလျှောက်သင်္ကြန်ကျင်းပရန် လျှောက်လွှာနှစ်စောင် အပါအဝင် စုစုပေါင်း လျှောက်လွှာ ၃ စောင် ပြန်လည်လက်ခံရရှိထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန(လမ်း/တံတား)မှ သိရသည်။ 

အလျားပေ ၁၂၀ မှ ပေ ၁၅၀ အထိရှိသော မဏ္ဍပ်ကြီးများနှင့် ပေ ၅၀ မှ ပေ ၁၂၀ အထိရှိသော မဏ္ဍပ် အလတ်များကို ရန်ကုန်တိုင်းဒေသကြီး မဏ္ဍပ်နေရာချထားရေးနှင့်ကြံခိုင်မှုကော်မတီမှ စစ်ဆေးခွင့်ပြုပေး ခြင်းဖြစ်ပြီး ပေ ၅၀ အောက် မဏ္ဍပ်အသေးများကိုမူ ခရိုင်အုပ်ချုပ်ရေးမှူးများ၏ ခွင့်ပြုချက်ဖြင့် ခွင့်ပြုပေးခြင်း ဖြစ်ကြောင်း သိရသည်။ 

မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ရန်ကုန်မြို့လယ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ခရီးသွားများ အလွယ်တကူသွားလာနိုင်ရေးအတွက် ကမ္ဘာအေးဘုရားလမ်းတွင် မဏ္ဍပ်များနေရာချထားပေးမည်မဟုတ် ဘဲ ပြည်လမ်းမတွင်သာ မဏ္ဍပ်များကို နေရာချထားပေးမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မဏ္ဍပ်များစစ် ဆေးစဉ်ကာလအတွင်း ကြံ့ခိုင်မှုမရှိပါက ခွင့်ပြုချက်များ ပြန်လည်ရုပ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။ 

သင်္ကြန်မဏ္ဍပ်များကို စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဆောက်လုပ်သွားရန် ညွှန်ကြားမည်ဖြစ်ပြီး ယ ခင်နှစ်က မဏ္ဍပ်များမှာ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ခဲ့သည့်အတွက် အရေးယူဒဏ်ရိုက်ခြင်းတစ်စုံတစ်ရာမရှိခဲ့ကြောင်း သိရသည်။ ယခင်နှစ်က မဏ္ဍပ်အကြီး ၃၅ ခုနှင့် မဏ္ဍပ်အလတ် ၈၃ ခုခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကော်မတီ ၉ ခု ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း