နေပြည်တော် ဩဂုတ် ၂၁
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၈ ရက် ည ၈ နာရီခွဲတွင် သတင်းအရ တန့်ယန်းမြို့နယ် တာကော်အက်ကျေးရွာ တံတားအနီးတွင် တန့်ယန်းမြို့ဘက်မှ ပန်ဆန်းမြို့ဘက်သို့ ဆမ်မိန်း (၂၉ နှစ်) မောင်းနှင်ပြီး အိုက်ဆမ် (၂၀ နှစ်) နှင့် မအေးဆာ (၂၀ နှစ်) တို့ လိုက်ပါလာသည့် W-ML ---- နံပါတ်တပ်ဆင်ထားသည့် TOYO- TA VIGO မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ဘိန်းဖြူအလေးချိန် ၃၇ ဒသမ ၁ ကီလို (၎င်းဒေသတန်ဖိုး ငွေကျပ် ၅၅၆၅ သိန်း) ကို ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် ဩဂုတ် ၁၉ ရက် မွန်းလွဲ ၂ နာရီခွဲတွင် သတင်းအရ သာစည်မြို့နယ် ပြည်ညောင်ကျေးရွာအုပ်စု ပြည်ညောင်ကျေးရွာအနီး မိတ္ထီလာ-တောင်ကြီးသွားကားလမ်းဘေးရှိ ဝိုင်းဖွဲ့ထိုင်နေသူ ကြည်လွင် (၃၉ နှစ်)၊ မမေစနိုး (ခ) မငယ် (၃၅ နှစ်)၊ မဆန်းမြ (ခ) ဝတုတ် (၅၆ နှစ်) နှင့် ဘိုလှ (၂၅ နှစ်) တို့အား ရှာဖွေစစ်ဆေးခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ (၎င်းဒေသ တန်ဖိုးငွေကျပ်သိန်း ၄၀၀) ကို ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
သတင်းစဉ်


