နေပြည်တော် ဩဂုတ် ၂၁

 

စိုက်ပျိုးမွေးမြူရေးဆိုင်ရာ AI နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က သမားရိုးကျ စိုက်ပျိုးမွေးမြူရေးမှ နည်းပညာသစ်များ အသုံးပြု ထုတ်လုပ်သော Agriculture Transformation ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် အချိန်ကျရောက်ပြီဖြစ်ကြောင်း၊ သီးနှံ ၁ဝ မျိုးအနက် ပထမဆုံးအနေဖြင့် စပါးသီးနှံ ရောဂါပိုးမွှားကျရောက်ခြင်းကို တောင်သူများ ကိုယ်တိုင် AI နည်းပညာ အသုံးပြု၍ ရောဂါပိုးမွှားအမျိုးအစား ခွဲခြားနိုင်ရန် ဖြစ်ကြောင်း၊ စပါးသီးနှံပြီးပါက ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံများကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ မွေးမြူရေးကဏ္ဍတွင်လည်း တိရစ္ဆာန်များ၌ ကျရောက်တတ်သည့်ရောဂါများနှင့် ကုသရေးနည်းလမ်းများကို မွေးမြူရေး တောင်သူများ အလွယ်တကူ သိရှိနိုင်ရန်နှင့် AI အသုံးပြု နည်းပညာပေးလုပ်ငန်းများကို ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

 

အဆိုပါ အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနရှစ်ခု၊ တက္ကသိုလ်နှစ်ခုတို့မှ တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ အမျိုးသားဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်