မကွေး ဩဂုတ် ၂၁
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များအား အခမဲ့ဆေးကုသပေးခြင်းနှင့် ဆန်နှင့်ဆီ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုကို သွားရောက် ကြည့်ရှုအားပေးသည်။
လှည့်လည်ကြည့်ရှု
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးမြို့ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား တိုင်းပြည်သူ့ဆေးရုံကြီး အထူးကုဆရာဝန်ကြီးများက အခမဲ့ဆေးကုသပေးနေမှုကို လှည့်လည်ကြည့်ရှု၍ ဆေးဝါးကုသမှု ခံယူနေသူ နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားများ ပြောကြားကာ နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များအား တစ်ဦးလျှင် ဆန် သုံးပြည်၊ ဆီ တစ်ပိဿာ၊ အာလူးနှင့် ကြက်သွန်နီတို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးသည်။
မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံ့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် (အငြိမ်းစား) များ ဆေးကုသမှုကုန်ကျစရိတ်သက်သာစေရန်နှင့် စနစ်တကျဆေးကုသမှုခံယူနိုင်ရန်အတွက် အခမဲ့ ဆေးကုသခြင်းအစီအစဉ်ကို လစဉ်ဆောင်ရွက်ပေးခဲ့ပြီး အထူးကုဆရာဝန်ကြီးများဖြစ်သည့် မျက်စိ အထူးကုနှင့် အထွေထွေရောဂါကုဆရာဝန်ကြီးများက လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းများအပြင် ဆက်လက်ကုသရန် လိုအပ်သော လူနာများကိုလည်း တိုင်းပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကာ ဆေးကုသမှုများ ဆောင်ရွက်ပေး မည်ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များအား အခမဲ့ဆေးကုသပေးခြင်းကို မကွေးမြို့နယ်အပြင် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အားလုံးတွင် လစဉ်ပင်စင်ထုတ်ရက်များအတွင်း ဆောင်ရွက်ပေး လျက်ရှိကြောင်းနှင့် အခြေခံ စားသောက်ကုန်များ ပိုမိုထောက်ပံ့ပေးနိုင်ရေး ဆက်လက်စီစဉ်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။
မောင်ညီညာ


