စစ်တွေ ဩဂုတ် ၂၁

 

စစ်တွေမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ပင်စင်လစာထုတ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ဆန်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်ရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်အားပေးကြသည်။

 

ကြည့်ရှုအားပေး

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပင်စင်လစာထုတ်ယူရန် လာရောက်ကြသည့် အငြိမ်းစားဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး အငြိမ်းစားဝန်ထမ်းများအား မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက ပင်စင်လစာ ထုတ်ပေးနိုင်ရန်အတွက် လိုအပ်သောစိစစ်မှုများ ဆောင်ရွက်နေမှု၊ ပင်စင်လစာထုတ်ပေးနေမှု၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဝန်ထမ်းများ၊ စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြုများက ကျန်းမာရေးစောင့်ရှောက်ပေးနေမှုတို့ကို လှည့်လည် ကြည့်ရှုအားပေးကြကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အငြိမ်းစားဝန်ထမ်းများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ချီးမြှင့်သည့်ဆန်နှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ကြသည်။

 

အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့် ရှောက်မှုပေးရာတွင် ခုတင် ၅၀၀ ဆံ့ အထွေထွေ ရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ သမားတော်ကြီးများ၊ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေး ဝန်ထမ်းများက သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပါဝင်မှု တိုင်းတာပေးခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း၊ နှလုံးရောဂါစစ်ဆေးခြင်းနှင့် အီးစီဂျီရိုက်ပေးခြင်း များကို ဆောင်ရွက်ပေးကြပြီး လိုအပ်သော ဆေးဝါးများကိုလည်း အခမဲ့ ထုတ်ပေးကြသည်။

 

အလားတူ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများကလည်း အငြိမ်းစား ဝန်ထမ်းများအား တိုင်းရင်းဆေးဝါးများနှင့် ကုသပေးကြပြီး တိုင်းရင်းဆေးများကို အခမဲ့ချီးမြှင့် ပေးအပ်သည်။ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ ပင်စင်လစာငွေများ ထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် ရုံးဖွင့်ရက်များ၌ နံနက် ၇ နာရီမှစတင်၍ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)