မုံရွာ ဩဂုတ် ၂၁
၂၀၂၅ ခုနှစ် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မုံရွာမြို့ ပြည်သူ့အားကစားကွင်း မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ မုံရွာမြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ကျောင်းသား ကျောင်းသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ အသင်းအုပ်ချုပ်သူနှင့် နည်းပြများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ တစ်ဦးချင်း စိတ်ကြိုက်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုနှင့် သုံးယောက်တွဲ၊ ကိုးယောက်တွဲပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် အသင်းများနှင့် နည်းပြများ၏ ပြန်လည်ဖျော်ဖြေမှု ကို ကြည့်ရှုအားပေးပြီး ဆုရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။
မွန်းလွဲပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့က မန္တလေးငလျင်ဒဏ်သင့် အာမခံ အလုပ်သမားများအတွက်သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် ၄ဝ ရာခိုင်နှုန်း ပေးအပ်ပွဲအခမ်းအနားကို မုံရွာမြို့ မြသလ္လာခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မုံရွာမြို့နယ်အတွင်းရှိ အလုပ်ရှင် အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး အာမခံအလုပ်သမား ၁၃၁၅ ဦးအတွက် သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် ၁၂၁ ဒသမ ၈၂၁ သန်းကို မုံရွာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌထံ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် မုံရွာမြို့ ချင်းတွင်းခန်းမ၌ ကျင်းပသည့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြေခံ စားသောက်ကုန်များ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အငြိမ်းစားဝန်ထမ်း ၇၅၀ ကို အာဟာရဖြည့်စွက်စာ ကြက်ဥများပေးအပ်၍ ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ ဆီးချို/ သွေးချို ရောဂါ၊ သွေးတိုးရောဂါ၊ အကြောနာအကြောတက်ရောဂါ၊ နှလုံးရောဂါ၊ ချောင်းဆိုးရင်ကြပ်ရောဂါများ စစ်ဆေးကုသပေးနေမှုနှင့် အငြိမ်းစားဝန်ထမ်းများအား အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးကြ သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


