တောင်ကြီး သြဂုတ် ၂၁
ရှမ်းပြည်နယ်အတွင်း အကြောင်းအမျိုးမျိုး ကြောင့် ကျောင်းပြင်ပရောက်ရှိနေရသည့် အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အောက်ရှိ ကလေးများ ဘဝ ရပ်တည်နိုင်ရန်၊ မိသားစုဝင်ငွေတိုးတက်စေရန်နှင့် အန္တရာယ်ရှိသည့်အလုပ်အကိုင်များတွင် ကလေး အလုပ်သမားပပျောက်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ၏ လူသုံးကုန်၊ အလှကုန်နှင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းကို ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်သည်။
ဆုများပေးအပ်ချီးမြှင့်
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ် ကလေး အလုပ်သမားပပျောက်ရေးကော်မတီ နာယက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က သင်တန်းတွင် ကြိုးစားသင်ယူပြီး ရရှိသည့်သက်မွေး ပညာနှင့် ဘဝရပ်တည်နိုင်ရေး ဆောင်ရွက်ကြစေလို ကြောင်း ပြောကြားပြီး စားစရိတ်ငွေ၊ သင်တန်းသုံး ကုန်ကြမ်းပစ္စည်းများကို သင်တန်းနည်းပြများထံ ပေးအပ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ကာ ကျောင်းသား ကျောင်းသူများအား ဗလာစာအုပ်များ ဝေငှပေးသည်။
ထို့နောက် တောင်ကြီးမြို့ ရေထွက်ဦးရေကန်တာပေါင်မြှင့်တင်ခြင်းနှင့် လှိုင်းကာကျောက်နံရံစီခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ ရေထွက်ဦးလမ်း လမ်းဘေး ဝဲ၊ ယာ မြေညှိခြင်းနှင့် မြို့နယ်စုပေါင်းရုံးရှေ့ ကွန်ကရစ် ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။
ကြည့်ရှုအားပေး
မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့ ဘက်စုံသုံး ပြည်နယ်လေ့ကျင့်ရေးရုံရှေ့၌ နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)ပင်စင်စားဝန်ထမ်းများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တစ်ဦးကို တစ်လ လျှင် ဆန်ရှစ်ပြည်နှင့် စားအုန်းဆီတစ်ပိဿာ ရောင်းချပေးနေမှု၊ ကြက်ဥရောင်းချပေးနေမှုတို့ကို ကြည့်ရှုပြီး ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဖူဆယ်(အမျိုးသား) ဒုတိယနေ့ပွဲစဉ်များ ယှဉ်ပြိုင် နေမှုကို ကြည့်ရှုအားပေးသည်။
မောင်မောင်သန်း(တောင်ကြီး)


