နေပြည်တော် ဩဂုတ် ၂၁
အာဆီယံဒေသတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးလုပ်ငန်းစီမံချက်ဆိုင်ရာ နိုင်ငံအဆင့်အကြံပြုဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း တွင် Grand Amera Hotel နေပြည်တော်၌ ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ အမျိုးသမီး အဖွဲ့အစည်းများမှ ဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ လုပ်ငန်းကော်မတီမှ ကိုယ်စားလှယ်များနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ က လူကိုယ်တိုင် တက်ရောက်ပြီး အာဆီယံအတွင်း ရေးမှူးချုပ်ရုံးမှကိုယ်စားလှယ်များက အွန်လိုင်းဖြင့် တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အာဆီယံဒေသတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက် ရေးဆိုင်ရာလုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၅) အကောင်အထည်ဖော်မှု သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်သောကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းကာလပြီးမြောက်မှု သုံးသပ်ခြင်း (End-Term Review) ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံအဆင့်အစီရင်ခံစာတင်သွင်းနိုင်ရန်၊ ရှေ့ ၁၀ နှစ်တာ ကာလ (၂၀၂၆-၂၀၃၅) အတွက် ထိရောက်သည့် လုပ်ငန်းအစီအစဉ်များ ထည့်သွင်းရေးဆွဲနိုင်ရန်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု လျော့နည်း ပပျောက်ရေးအတွက် နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများနှင့်အညီ လက်ရှိဆောင်ရွက်ထား ရှိမှုများ၊ အသစ်ထပ်မံပေါ်ပေါက်လာသည့် အမျိုးသမီး များအပေါ် အကြမ်းဖက်မှုပုံစံများ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် ဦးစားပေးလုပ်ငန်းများကို ဆွေးနွေးနိုင်ရန်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ဘေဂျင်း လုပ်ငန်းစီမံ ချက်ပါ လုပ်ငန်းစဉ် (၂) ရပ်ဖြစ်သည့် မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးကော်မတီကို ဖွဲ့စည်းဆောင်ရွက် ခြင်းနှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း (NSPAW) ကို ရေးဆွဲအကောင်အထည်ဖော်ခြင်းတို့ကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ လုပ်ငန်းကော်မတီဝင်များက NSPAW ပါ စီမံကိန်းလုပ်ငန်းများကို နိုင်ငံတကာနှင့် အာဆီယံ ဒေသတွင်း ကတိကဝတ်များနှင့်အညီ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စီမံကိန်းကာလ ပြီးမြောက်မှု သုံးသပ်ခြင်း (End-Term Review) ၏ ပထမ လုပ်ငန်းစဉ်ဖြစ်သည့် National Self-Assessment Survey ကို သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများမှ အချက်အလက်များ ကောက်ယူ စုစည်းပြီး အာဆီယံ အတွင်းရေးမှူးချုပ်ရုံးသို့ ၂၀၂၅ ခုနှစ် ဇူလိုင် ၂၄ ရက်တွင် ပေးပို့ခဲ့ပြီး ဖြစ်ပါကြောင်း၊ ဒုတိယလုပ်ငန်း စဉ်ဖြစ်သည့် ယနေ့ကျင်းပသည့် နိုင်ငံအဆင့်အကြံပြု ဆွေးနွေးပွဲတွင် အာဆီယံဒေသတွင်း အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ပပျောက်ရေးလုပ်ငန်းစီမံချက် ပါ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများကို အကဲဖြတ်သုံးသပ်ပြီး ရှေ့ ၁၀ နှစ်တာ ကာလ အတွက် ထိရောက်သည့် လုပ်ငန်းအစီအစဉ်များပါဝင်သည့် အစီရင်ခံစာကို တင်သွင်းသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ် ၏ Pre-recorded video ကို ဖွင့်လှစ်ပြသပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က နိုင်ငံအဆင့်အကြံပြုဆွေးနွေးပွဲ၏ ရည်ရွယ်ချက်နှင့် မျှော်မှန်းရလဒ်များကို တင်ပြဆွေးနွေးခြင်း၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များက အာဆီယံဒေသတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးလုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၅) နှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးခြင်း၊ ဘာသာရပ် ဆိုင်ရာ ညွှန်ကြားရေးမှူးများက တင်ပြဆွေးနွေးခြင်း၊ တက်ရောက်လာသူများနှင့် Group Work များက ဆွေးနွေးခြင်းတို့ကို ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


