ဩဂုတ် ၂၂
ကမ္ဘောဒီးယားနိုင်ငံသို့ တရုတ်ခရီးသွားဝင်ရောက်မှုသည် ယခုနှစ် ပထမခုနစ်လအတွင်း ၄၈ ဒသမ ၂ ရာခိုင်နှုန်း စံချိန်တင်မြင့်တက်ခဲ့သည်ဟု ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလမှဇူလိုင်လအတွင်း တရုတ်ခရီးသွား ၆၈၇၅၀၉ ဦး လာရောက်လည်ပတ်မှုရှိရာ ယမန်နှစ် အလားတူကာလက ခရီးသွားဦးရေ ၄၆၃၉၈၀ ဝင်ရောက်မှုထက် ၄၈ ဒသမ ၂ ရာခိုင်နှုန်း ပိုမိုများပြားကြောင်း ဖော်ပြထားသည်။
နိုင်ငံအတွင်း တရုတ်ခရီးသွားဝင်ရောက်မှုသည် နိုင်ငံတကာခရီးသွားဝင်ရောက်မှု ၃ ဒသမ ၇၁ သန်း၏ ၁၈ ဒသမ ၅ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။ လာရောက်လည်ပတ်သော တရုတ်ခရီးသွားဦးရေသည် ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ပြီးလျင် တတိယမြောက်အများဆုံးဖြစ်ကြောင်း ထပ်လောင်းဖော်ပြထားသည်။
ခရီးသွားလုပ်ငန်းသည် အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွားကုန်ပစ္စည်းများ တင်ပို့မှု၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေများအပြင် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးကို ပံ့ပိုးပေးသည့် မဏ္ဍိုင်လေးရပ်အနက် တစ်ခုဖြစ်သည်ဟုသိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


