ရန်ကုန် ဩဂုတ် ၂၂

 

မြန်မာနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ စုဝေးတည်ရှိရာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ တော်သလင်းလပြည့်နေ့ ပုပ္ပါးတောင် ဘိုးတော်ထွက်ပွဲမတိုင်မီ ခရီးသွားများ ပိုမိုဝင်ရောက်လာမည်ဟု ဒေသခံများက ခန့်မှန်းသုံးသပ်ထားကြောင်း သိရသည်။

 

ခရီးသွားများ စတင်ဝင်ရောက်

 

ယခုလဆန်းပိုင်းမှစ၍ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသသို့ ခရီးသွားများ စတင်ဝင်ရောက်ခဲ့ရာ ရုံးပိတ်ရက်တို့တွင် ခရီးသွားများ ပိုမိုဝင်ရောက်လာမှုကြောင့် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း ပွင့်လန်းလျက် ရှိသည်။ မန္တလေးတိုင်းဒေသကြီး တောင်ပြုံးပွဲပြီးချိန်၌ ပုဂံဒေသသို့ မိုးရာသီခရီးသွားများ စတင်ဝင်ရောက်ခဲ့ကြပြီး တော်သလင်းလပြည့်နေ့တွင်လည်း ပုဂံရှိ ရှင်အစ္စဂေါဏဘုရားသို့ ပုပ္ပားတောင် ဘိုးတော်ထွက်ပွဲမှ ခရီးသွားများ ဝင်ရောက်လာမည့်အပြင် ပုဂံဒေသခံတို့၏ အလှူအတန်းရာသီအစဖြစ်၍ ပြည်တွင်း/ ပြည်ပခရီးသွားများ ဝင်ရောက်လာလေ့ရှိကြောင်း သိရသည်။

 

“တောင်ပြုံးပွဲပြီးတော့ ပုဂံကို ခရီးသွားပိုပြီးဝင်လာတယ်လို့ ဆိုရမှာပါ။ အရင်လတွေက မိုးရာသီမှာ ခရီးသွားနည်းပေမယ့် ဒီလနဲ့ တော်သလင်းလပြည့်နေ့မှာ အလှူအတန်း၊ ဘုရားလှည့်၊ ဆွမ်းလောင်းပွဲတွေရှိတာကြောင့် ပုဂံမှာ ခရီးသွားစည်ကားလာမယ့်အနေအထားရှိပါတယ်။ တစ်ဆက်တည်း သီတင်းကျွတ်၊ တန်ဆောင်မုန်းကစပြီး ခရီးသွားတွေ တဖွဲဖွဲနဲ့ စည်ကားလာဖို့ များပါတယ်ဟု ထီးလိုမင်းလိုဘုရား ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးတင်လှဦးက ပြောသည်။

 

ယခင်က မိုးရာသီတွင် တောင်ပြုံးပွဲမတိုင်မီ ပုဂံသို့ ခရီးသွားများ စတင်ဝင်ရောက်လေ့ရှိပြီး ပုပ္ပားတောင် ဘိုးတော်ထွက်ပွဲနှင့် ပွဲတော်နောက်ပိုင်းကာလတို့တွင် ပွင့်လင်းခရီးသွားရာသီနှင့် တစ်ဆက်တည်း ခရီးသွားများ ဝင်ရောက်လာလေ့ရှိရာ နိုင်ငံတစ်ဝန်းမှ ခရီးသွားများဖြင့် စည်ကားလေ့ရှိကြောင်း သိရသည်။

 

“မိုးရာသီမှာ ခရီးသွားပါးခဲ့တယ်။ ဒီလဆန်းကစပြီး ခရီးသွားဝင်လာတယ်လို့ ဆိုရမှာပါ။ ပြည်တွင်းခရီးသွားများလာတယ်။ ပုဂံရဲ့ ပုံရိပ်တစ်ခုဖြစ်တဲ့ လက်ပန်းချီဆွဲတာ၊ ရုပ်သေးရုပ်အမှတ်တရပစ္စည်းဝယ်တာ၊ မြင်းလှည်းစီး၊ ဓာတ်ပုံရိုက်တာနဲ့ ဆည်းဆာအလှကြည့်တာတို့ဟာ ပြည်တွင်း/ ပြည်ပ ခရီးသွားတွေအတွက် ပုဂံရဲ့ပုံရိပ်လို့ ဆိုရမှာပါ။ လုပ်ငန်းလေးတွေ ပြန်ပြီးလည်ပတ်လာပြီဆိုတော့ ဒေသခံတွေအတွက် အဆင်ပြေမှုစလာပါပြီ ဟု မြင်းကပါရွာမှ သဲပန်းချီပညာရှင် ဦးဇေယျာသန်းက ပြောသည်။

 

ယခုလာမည့် တော်သလင်းလပြည့်နေ့တွင် ပုဂံ၌ ရှင်အစ္စဂေါဏ သီတင်းသုံးဖိုထိုးခဲ့သည့် ဘုရားအတွင်း ကန်တော့ပွဲပေါင်းများစွာဖြင့် နိုင်ငံတစ်ဝန်းမှ အဓိဋ္ဌာန်ဝင်သူများ လာရောက်လေ့ရှိပြီး အထင်ကရဘုရားများတွင် ငွေပဒေသာလှူဒါန်းမှုဖြင့် ကောင်းမှုကုသိုလ်ယူလေ့ရှိကြောင်း၊ ပုဂံဒေသ အနီးဝန်းကျင်ကျေးရွာများက မနူဟာဘုရားပွဲကို တော်သလင်း လဆန်း ၁၄ ရက်မှ လပြည့်ကျော် ၁ ရက်အထိ နေ့ဘက်တွင် ဆွမ်းတော်ကြီးပွဲ၊ ရုပ်သွင်းပွဲ၊ စာရေးတံမဲ၊ သပိတ်လုံးချပွဲ၊ ဆွမ်းတော်တင်၊ ပဒေသာပင်ပွဲတို့ဖြင့် အထူးစည်ကားစွာ ကျင်းပလေ့ရှိပြီး ညပိုင်းတွင် ဇာတ်ပွဲများသွင်း၍ အလှူအတန်းများဖြင့် စည်ကားလေ့ရှိရာ ယခုနှစ် မနူဟာဘုရားပွဲတော်၌ စာရေးတံမဲနှင့် သပိတ်လုံးချပွဲကိုသာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဥဿ

 

ဓာတ်ပုံ - ကိုကိုလွင်