လကျ်ာ

 

သမိုင်းပညာအား လေ့လာသင်ယူခြင်းဆိုသည်မှာ အတိတ်တွင်ဖြစ်ပျက်ခဲ့သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမျိုးရေး၊ စစ်ရေးဆိုင်ရာ ဖြစ်စဉ်များအား ချဉ်းကပ်လေ့လာရင်း ပစ္စုပ္ပန်နှင့် အနာဂတ်တွင်ဖြစ်ပျက်လာမည့် ဖြစ်စဉ်များအားပြင်ဆင်ရန် ကြိုးစားခြင်းဖြစ်ပါသည်။ ထို့အပြင် လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံ၏ သမိုင်းသည် ထိုနိုင်ငံနှင့်လူမျိုးတို့၏ တန်ဖိုးဖြတ်မရသည့် အမွေအနှစ်တစ်ခုပင်ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံတိုင်းသည်  ၎င်းတို့၏သမိုင်းကြောင်းအား တိကျသေချာစွာလေ့လာနိုင်ရန် စဉ်ဆက်မပြတ်ကြိုးပမ်းလျက်ရှိကာ သမိုင်းပညာ၏ နယ်ပယ်သည် လွန်စွာကျယ်ပြန့်လာခဲ့သည်။

 

မြန်မာ့သမိုင်းဖြစ်တည်လာပုံ

 

လူသားမျိုးနွယ်၏ သမိုင်းဆိုသည်မှာ ရှေးယခင်ကာလများတွင် မိမိတို့အတွေ့အကြုံများကို မျိုးဆက်သစ်များအတွက် နှုတ်ပြောပုံပြင်များ၊ မှတ်တမ်းများအဖြစ် ပြောကြားရာမှသည် စာပေအရေးအသား ပေါ်ထွန်းလာသောအခါတွင် သမိုင်းမှတ်တမ်းများအဖြစ် ရေးသားဖော်ပြလာခဲ့လေသည်။ မြန်မာလူမျိုးတို့သည် သမိုင်းမှတ်တမ်းများအား စနစ်တကျ မှတ်တမ်းတင်ခဲ့သည့် လူမျိုးများဖြစ်ပါသည်။ ရှေးယခင်ကတည်းကပင် မင်းနေပြည်တော်တွင် ရွှေတိုက်တော်နှင့် ပိဋကတ်တိုက်ကဲ့သို့ မှတ်တမ်းဌာနများထားရှိကာ မင်းအစိုးရ အရာရှိများ၏ မှတ်တမ်းများ၊ တိုင်းပြည်တွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများအား စနစ်တကျရေးမှတ် ထားလေ့ရှိသည်။ စစ်ဘေးစစ်ဒဏ်ကြောင့်လည်းကောင်း၊ ရာသီဥတုဒဏ်ကြောင့်လည်းကောင်း ပျက်စီးသောအခါများတွင် ပြန်လည်ပြုစုရေးသားကာ သမိုင်းကွင်းဆက် ခြေရာမပျောက်ပျက်စေရန် ကြိုးစားခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ပထမဆုံးသမိုင်းကျမ်းအဖြစ် ဇမ္ဗူဒီပဦးဆောင်းကျမ်းအား အင်းဝခေတ် ဝန်ဇင်းမင်းရာဇာအမတ်ကြီးက ရှေးသမိုင်းကျမ်းအဆူဆူအား ပြန်လည်တည်းဖြတ်ကာ ရေးသားခဲ့လေသည်။ ထို့နောက် ညောင်ရမ်းခေတ် တနင်္ဂနွေမင်းလက်ထက်တွင် ဦးကုလားကရှိနှင့်ပြီးသော ရာဇဝင်ကျမ်းအသီးသီးအား ပြန်လည်ပေါင်းစုကာ မဟာရာဇဝင်ကြီး၊ ရာဇဝင်ချုပ်ဟူ၍ စီရင်ပြုစုရေးသားခဲ့ပါသည်။ ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားမင်းလက်ထက်တွင် ဦးကုလား၏ မဟာရာဇဝင်ကြီးသည် လိုအပ်ချက်များရှိသဖြင့် နိုင်ငံတစ်ဝန်းရှိ ကျောက်စာများ၊ မှတ်တမ်းများဖြင့် တိုက်ဆိုင်စစ်ဆေးကာ တွင်းသင်းတိုက်ဝန်မင်းကြီးက ရာဇဝင်သစ်ကျမ်းတစ်စောင်အား စီရင်ခဲ့ပါသည်။ ထို့နောက် ဘကြီးတော်မင်းလက်ထက်တွင် တစ်ကြိမ်၊ မင်းတုန်းမင်းလက်ထက်တွင် တစ်ကြိမ်ဖြင့် မှန်နန်းရာဇဝင်တော်ကြီးအား ပထမတွဲ၊ ဒုတိယတွဲစသဖြင့် ရဟန်းပညာရှိ၊ လူပညာရှိများ ပူးပေါင်းပါဝင်၍ ပြုစုရေးသားခဲ့ကြလေသည်။

 

သမိုင်းပညာရပ်၏ တိုးတက်ပြောင်းလဲလာပုံနှင့်အခြေပြမြန်မာ့နိုင်ငံရေးသမိုင်း

 

ခေတ်အပြောင်းအလဲ၊ ယဉ်ကျေးမှုအပြောင်းအလဲရှိလာသည်နှင့်အမျှ ရာဇဝင်ဆိုင်ရာ အယူအဆတို့သည်လည်း ပြောင်းလဲခဲ့လေသည်။ ရှေးအခါက ဘုရင်ကြီးစိုးခဲ့၍ ရာဇဝင်မှာ မင်းတို့၏အကြောင်းကို မူတည်ရေးရသောကြောင့် ရာဇဝံသ အမည်ပေးခဲ့ကြလေသည်။ ယခုခေတ်တွင် သမိုင်းပညာ၏ ရှုမြင်ပုံသည် နိုင်ငံတွင်းနေလူတို့၏အကြောင်းကို အဓိက ထား၍ ရေးသားဖော်ထုတ်သည့်ပုံစံသို့ ၁၉ ရာစု နှောင်းပိုင်းမှ စတင်ပြောင်းလဲလာလေသည်။ သို့ဖြစ်၍ ရာဇဝင်ဟူသော ဝေါဟာရအစား နိုင်ငံသမိုင်း၊ လူ့သမိုင်းစသည်ဖြင့် လွှဲပြောင်းခေါ်လာကြခြင်း ဖြစ်လေသည်။ သမိုင်းပညာသည် ရှေးယခင်က စာပေမှတ်တမ်းများကို အမှီပြုရေးသားရသည့် ဝိဇ္ဇာပညာရပ်တစ်ခုမှသည် ယနေ့ခေတ်သို့ ရောက်ရှိလာသောအခါ ရှေးဟောင်းသုတေသနပညာ၊ ဘူမိဗေဒ၊ မှုခင်းဆေးပညာ၊ ဓာတုဗေဒ၊ မျိုးရိုးဗီဇစစ်ဆေးမှုနှင့် အခြားသောသိပ္ပံပညာများစွာ၏ ထောက်ပံ့မှုများဖြင့် စနစ်တကျလေ့လာဆန်းစစ်ဝေဖန်ရသည့် ပညာရပ်တစ်ခုဖြစ်လာခဲ့လေသည်။

 

မြန်မာနိုင်ငံသည် လွတ်လပ်သောနိုင်ငံတစ်ခုအဖြစ်သို့ ရောက်လာသောအခါ၌ ခေတ်အလျောက် အမှန်ကန်ဆုံးနှင့် အပြည့်စုံဆုံးဖြစ်သော နိုင်ငံသမိုင်းကို ကျယ်ပြန့်ပြည့်စုံစွာရေးသားရန် လိုအပ်သဖြင့် နိုင်ငံတော်အစိုးရသည် ၁၉၅၅ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံသမိုင်းကော်မရှင်အဖွဲ့ကို ဖွဲ့စည်းခဲ့လေသည်။ မြန်မာနိုင်ငံ၏သမိုင်းအားလေ့လာရန် ပညာရှင်များက ကြိုးစားခဲ့ရာတွင် ရလဒ်အနေဖြင့် အခြေပြမြန်မာ့နိုင်ငံရေးသမိုင်းအား ၁၉၇၀ ပြည့်နှစ်တွင် ထုတ်ဝေခဲ့ပါသည်။ ထိုစာအုပ် တွင် မြန်မာနိုင်ငံ၏ သမိုင်းအား ၁၉၇၀ မတိုင်ခင်အထိ လေ့လာတွေ့ရှိမှုများ၊ တူးဖော်ရရှိမှုများအား အခြေခံ၍ရေးသားထားခြင်းပင်ဖြစ်ပါသည်။ ထိုသမိုင်းကျမ်းစာအုပ်သည် မြန်မာနိုင်ငံ၏ မူလဇာစ်မြစ်သမိုင်းကို လေ့လာရန်အတွက် ပြီးပြည့်စုံခြင်းမရှိသေးသော်လည်း နောင်တွင် ဆက်လက်လေ့လာနိုင်ရန်အတွက် အခြေခံအုတ်မြစ်ကောင်းတစ်ခုအဖြစ် ခိုင်မာစွာပြုစုရေးသားထားခြင်းတွေ့ရှိရပါသည်။ ထိုမတိုင်မီအချိန်က မြန်မာနိုင်ငံတွင် သမိုင်းအယူအဆကွဲများအနေဖြင့် “မြန်မာအစ တကောင်း ဟူသည့် ရှေးရိုးအစဉ်အလာ ရာဇဝင်ကျမ်းများတွင် ဖော်ပြထားသည့် အယူအဆနှင့် “မြန်မာအစ ကျောက်ဆည် ဟူသည့် ကိုလိုနီခေတ်တွင် ပေါ်ထွက်လာသည့် အယူအဆနှစ်ခုရှိနေပါသည်။ သို့ရာတွင် အခြေပြမြန်မာ့နိုင်ငံရေးသမိုင်းစာအုပ် ထွက်ရှိပြီးနောက်တွင် မြန်မာ့သမိုင်းအားဖော်ပြရာ၌ ဝိဝါဒကွဲလွဲမှုများ ဖြစ်ပေါ်လာခဲ့ပါသည်။ ရှေးဟောင်းသုတေသနပညာရှင်များနှင့် သမိုင်းပညာရှင်များသည် ယခင်က မြန်မာနိုင်ငံ၏ယဉ်ကျေး မှုကာလအစောဆုံးသည် သံခေတ်နှောင်းပိုင်းဖြစ်ကာ ကျောက်ခေတ်၊ ကြေးခေတ်စသည့် ယဉ်ကျေးမှုများမရှိကြောင်း၊ မြန်မာလူမျိုးတို့၏ မူရင်းဇာစ်မြစ်မှာ တိဘက်ကုန်းမြေမြင့်သာဖြစ်ကြောင်း သုံးသပ်ကာ ကျောင်းသုံးစာအုပ်များ၊ သင်ခန်းစာများနှင့် သမိုင်းသင်ရိုးညွှန်းတမ်းများတွင် ထိုကဲ့သို့ ထည့်သွင်းသင်ယူနေဆဲပင်ဖြစ်ပါသည်။ ၁၉၇၀ တွင် ထုတ်ဝေသည့် အခြေပြမြန်မာ့နိုင်ငံရေးသမိုင်းပြုစုရာတွင် ပါဝင်ခဲ့သော မြန်မာ့သမိုင်းပညာရှင်များနှင့် ရှေးဟောင်းသုတေသနပညာရှင်များသည် ၎င်းတို့ပြုစုခဲ့သော သမိုင်းကျမ်းသည် ပြီးပြည့်စုံမှု မရှိသေးကြောင်းအား စာအုပ်တွင်ထည့်သွင်းဖော်ပြကာ နောင်လာမည့် မျိုးဆက်များအနေဖြင့် ထပ်မံဖြည့်စွက်ရေးသားရန် လိုအပ်ကြောင်း အမြော်အမြင်ကြီးစွာ လက်ဆင့်ကမ်းခဲ့ပါသည်။

 

မြန်မာပညာရှင်များ၏ ကြိုးစားအားထုတ်မှုရလဒ်များ

 

၁၉၈၀ ဝန်းကျင်ခုနှစ်များတွင် ရှေးဟောင်းသုတေသနပညာသည် ခေတ်မီနည်းပညာနှင့် စက်ကိရိယာများကို အသုံးပြုလာနိုင်သဖြင့် ယခင်က တိမ်မြုပ်နေခဲ့သော သမိုင်းအမွေအနှစ်များကိုရှာဖွေခြင်းနှင့် ထိန်းသိမ်းခြင်းတို့အား ပိုမိုလုပ်ဆောင်လာနိုင်လေသည်။ မြန်မာ့သမိုင်းပညာရှင်များနှင့် ရှေးဟောင်းသုတေသနပညာရှင်များသည် မြန်မာနိုင်ငံအတွင်း နေရာအနှံ့အပြားသို့သွားရောက်ကာ မြန်မာနိုင်ငံ၏သမိုင်းအား ဆက်လက်လေ့လာခဲ့ကြလေသည်။ ရှေးဟောင်းမြို့များအား ကောင်းကင်ဓာတ်ပုံဖြင့် ရှာဖွေခြင်း၊ ရေဒီယိုကာဗွန်သက်တမ်း စစ်ဆေးခြင်းနှင့် အခြားသောခေတ်မီနည်းပညာများအား အသုံးပြုကာ ပျူမြို့ဟောင်းများအား ရှာဖွေခြင်း၊ မြန်မာနိုင်ငံအတွင်းရှိ သံခေတ်လူနေထိုင်ရာနေရာများအား ရှာဖွေခြင်းများ ပြုလုပ်ရာမှသည် မြန်မာနိုင်ငံ၏ ကျောက်ခေတ် (ကျောက်ခေတ်ဦး၊ ကျောက်ခေတ်လယ်၊ ကျောက်ခေတ်နှောင်း) ယဉ်ကျေးမှုဟု ဆိုနိုင်မည့် အညာသီယန် ခေါ် အညာသားယဉ်ကျေးမှုအား မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် စတင်တွေ့ရှိရခဲ့ပါသည်။

 

မြန်မာနိုင်ငံတွင် ကျောက်ခေတ်ဦးနှင့် ကျောက်ခေတ်နှောင်းသာရှိပြီး ကျောက်ခေတ်လယ်အား ရှာဖွေတွေ့ရှိခြင်းမရှိကြောင်း ယခင်က သတ်မှတ်ခဲ့ကြသော်လည်း ၂၀၀၂ ခုနှစ်မှစတင်ကာ မြန်မာရှေးဟောင်းသုတေသနပညာရှင်များသည် အခြားသောနယ်ပယ်မှ ပညာရှင်များ၏ အကူအညီများရယူကာ ခါးဆက်ပြတ်နေသော မြန်မာ့သမိုင်းအား ရှာဖွေဖော်ထုတ်ရန် ကြိုးစားခဲ့ကြပါသည်။ ထိုကြိုးစားမှု၏ရလဒ်အဖြစ် ပြည်မြို့ ရှေးဟောင်းသုတေသနကျောင်းအုပ်ကြီး ဦးဝင်းကြိုင် ဦးဆောင်သော ပညာရှင်များသည် ခါးဆက်ပြတ်နေခဲ့သည်ဟူသော မြန်မာနိုင်ငံ၏ ကျောက်ခေတ်လယ်ကာလအား ဧရာဝတီမြစ်ဝှမ်းဒေသနှင့် စမုန်မြစ်ဝှမ်းဒေသများတွင် ၂၀၀၆ ခုနှစ်မှ စတင်တူးဖော်တွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံ၏သမိုင်းတွင် အရေးပါသော ကျောက်ခေတ်ကာလတွင် ကျောက်ခေတ်ဦး၊ ကျောက်ခေတ်လယ်၊ ကျောက်ခေတ်နှောင်းဟူသည့် တစ်ဆက်တစ်စပ်တည်းဖြစ်တည်နေခဲ့ သည့်အချက်အားအထောက်အထား တိကျခိုင်မာစွာဖြင့် နိုင်ငံတကာသို့ တင်ပြနိုင်ခဲ့ပါသည်။

 

မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ်သော သမိုင်းစဉ်အား လေ့လာခြင်းလုပ်ငန်းတွင် သမိုင်းပညာရှင်များ၊ ရှေးဟောင်းသုတေသနပညာရှင်များသာမက ဘူမိဗေဒပညာရှင်များနှင့် မနုဿဗေဒပညာရှင်များပါ အားဖြည့်ပါဝင်လာကြသဖြင့် သုတေသနပြုလုပ်ခြင်းနှင့် တူးဖော်ရှာဖွေမှုများသည် အရှိန်အဟုန်ဖြင့် တိုးတက်လာသည်ကို တွေ့ရှိရပါသည်။ ထိုကာလတွင် ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းများကို ၁၉၇၈ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် မိုးကောင်းရွာအနီးတွင်လည်းကောင်း၊ ၁၉၉၇ ခုနှစ်မှ ယခုအထိ မြိုင်မြို့နယ်နှင့် ပုလဲမြို့နယ်များရှိ ပုံတောင်ကျောက်လွှာစုများတွင်လည်းကောင်း ဆက်တိုက်တွေ့ရှိခဲ့ပါသည်။ အာရှတိုက်တွင် လူတူပရိုင်းမိတ်ရုပ်ကြွင်းများကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင်တွေ့ရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်ပေါင်း (၃၃.၇ သန်းမှ ၅၄.၈ သန်းကြား) ကာလဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှတွေ့ရှိသော ပရိုင်းမိတ်ရုပ်ကြွင်းများသည် ထိုင်းနိုင်ငံမှ ပရိုင်းမိတ်များထက် နှစ် ၃ သန်းခန့်စောကြောင်း သုံးသပ်ကြပြီး တရုတ်နိုင်ငံမှ ပရိုင်းမိတ်ရုပ်ကြွင်းများနှင့် မြန်မာနိုင်ငံမှ ပရိုင်းမိတ်ရုပ်ကြွင်းများသည် သက်တမ်းမတိမ်းမယိမ်းဖြစ်သော်လည်း ပုံတောင်ပရိုင်းမိတ်များက အရွယ်အစားပိုမိုကြီးမားပြီးပို၍ အဆင့်မြင့်ကြောင်း ပြည်တွင်း ပြည်ပပညာရှင်များက သတ်မှတ်ခဲ့ကြပါသည်။ ထို့ကြောင့်ပင် ကျောက်ခေတ်မတိုင်ခင်ကပင် မြန်မာတို့သည် မြန်မာ့ရေ မြန်မာ့မြေပေါ်တွင် နေထိုင်ခဲ့ကြောင်း အထောက်အထားများ စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

 

၂၀၀၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် နိုင်ငံတကာပညာရှင်များနှင့် ပူးပေါင်းဖော်ထုတ်ချက်များအရ ကြေးခေတ်ကာလ ရှေးဦးမြန်မာ့လူ့အဖွဲ့အစည်းသည် ဘီစီ ၉၀၀ ခန့်မှစတင်ကာ ဖြစ်တည်ခဲ့သည့် ပထမဆုံးတွေ့ရှိမှုအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် အုတ်အိုင်ဒေသတွင် စတင်တွေ့ရှိရပြီးနောက် ဘုတလင်မြို့နယ် ညောင်ကန်ဒေသတွင်လည်းကောင်း၊ ၇၁၀ ဘီစီခန့်တွင် သံခေတ်ဦးကာလလူ့အဖွဲ့အစည်းတစ်ရပ်သည် တောင်သမန်ဒေသတွင် လည်းကောင်း၊ ၅၃၀ ဘီစီမှ ၉၀ ဘီစီအတွင်း သံခေတ်လူ့အဖွဲ့အစည်း တစ်ရပ်သည် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ် ရွာထင်ကုန်းရွာတွင်လည်းကောင်း ပေါ်ထွန်းခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့သဖြင့် မြန်မာနိုင်ငံတွင် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်ယဉ်ကျေးမှုများ တစ်ဆက်တစ်စပ်တည်း ဖြစ်ပေါ်တည်ရှိခဲ့ကြောင်း မှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်ပါသည်။

 

ထို့အပြင် ကြေးခေတ်ယဉ်ကျေးမှုနှင့် သံခေတ်ယဉ်ကျေးမှုဖြစ်သော စမုန်မြစ်ဝှမ်းယဉ်ကျေးမှုတို့ ဆက်စပ်နေပုံများ၊ စမုန်မြစ်ဝှမ်းယဉ်ကျေးမှုမှသည် ပျူခေတ်ယဉ်ကျေးမှုသို့ ကူးပြောင်းလာပုံစသဖြင့် မြန်မာနိုင်ငံ၏ တစ်ဆက်စပ်တည်းဖြစ်တည်နေသည့် သမိုင်းအချက်အလက်များအား မြန်မာပညာရှင်များနှင့် ဖိတ်ခေါ်ထားသော နိုင်ငံခြားသားပညာရှင်များ ပူးပေါင်းကာ ရှာဖွေတွေ့ရှိခဲ့လေသည်။ ထိုတွေ့ရှိမှုများ၏ နောက်ဆက်တွဲအဖြစ် မြန်မာနိုင်ငံတွင်ရှိနေသည့် ပျူမြို့ဟောင်းသုံးမြို့(သရေခေတ္တရာ၊ ဗိဿနိုးနှင့် ဟန်လင်း) တို့အား ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်သို့ ထည့်သွင်းသတ်မှတ်ခဲ့လေသည်။ ပျူခေတ်နှင့် ပုဂံခေတ်တို့၏ ဆက်စပ်တည်ရှိမှုအား ဆက်လက်ရှာဖွေကာ ပျူခေတ်ဟုဆိုနိုင်သည့် သရေခေတ္တရာမင်းဆက်၏ နောက်ဆုံးမင်းဆက်သည် ပုဂံ၏ ပထမဆုံးမင်းဆက်အား တည်ထောင်ခဲ့သည် ဆိုသည့်အချက်အား စာပေအထောက်အထားများဖြင့်သော်လည်းကောင်း၊ ဗိသုကာလက်ရာ အထောက်အထားများအရသော်လည်းကောင်း၊ ကာဗွန်သက်တမ်းစစ်ဆေးခြင်း နည်းလမ်းများဖြင့်သော်လည်းကောင်း အထောက်အထားများစွာ ဆက်လက်တွေ့ရှိလာခဲ့ပါသည်။ ထိုကဲ့သို့ ကြိုးပမ်း အားထုတ်မှုများကြောင့် မြန်မာနိုင်ငံသားတို့သည် လူသားများအဖြစ် စတင်ဖြစ်တည်လာသည့်အချိန် ကတည်းကပင် ဤမြေဤရေတွင် စဉ်ဆက်မပြတ် နေထိုင်ခဲ့သည့် အထောက်အထားများအား ခိုင်မာစွာဖော်ထုတ်ပြသနိုင်လာခဲ့ပါသည်။

 

မှားယွင်းနေသော မြန်မာ့သမိုင်းအား ပြန်လည်ပြင်ဆင်ရန် ကြိုးပမ်းခဲ့

 

မြန်မာ့သမိုင်းအား ကိုလိုနီခေတ်အတွင်းတွင် နိုင်ငံခြားသမိုင်းဆရာများမှ လိုရာဆွဲရေးသားခြင်း၊ ရည်ရွယ်ချက်ရှိစွာဖြင့် လူမျိုးရေးခွဲခြားရေးဖြစ်ပေါ်စေရန် ရေးသားခြင်းများ လုပ်ဆောင်ခဲ့သဖြင့် လွန်ခဲ့သော နှစ် ၆၀ ခန့်တွင် မြန်မာနိုင်ငံအခြေပြသမိုင်းအဖြစ် ပြန်လည်ပြင်ဆင်ထုတ်ဝေခဲ့သော်လည်း နည်းပညာအားနည်းချက်များ၊ တူးဖော်ရေးအားနည်းချက်များကြောင့် ထိရောက်စွာ ပြန်လည်ချေပနိုင်ရန် ခက်ခဲခဲ့ပါသည်။ မြန်မာသမိုင်းပညာရှင် ဒေါက်တာသန်းထွန်း မကွယ်လွန်မီရေးသားခဲ့သောစာတမ်းများ၊ ဆောင်းပါးများတွင် မြန်မာ့သမိုင်းသည် နိုင်ငံခြားသားသမိုင်းဆရာတို့၏ ခြယ်လှယ်မှုမှ မလွတ်မြောက်နိုင်သေးကြောင်း၊ ၎င်းတို့မျိုးဆက် လက်ထက်တွင် ထိုလွှမ်းမိုးမှုအား ပြန်လည်ချေဖျက်ရန်အတွက် လိုအပ်သောအထောက်အထားများ မပြည့်စုံသေးခြင်း၊ ပြင်ဆင်နိုင်ရန် အခြေအနေမရှိသေးခြင်းတို့ကြောင့် နောင်မျိုးဆက်များအနေဖြင့် ဆက်လက်လုပ်ဆောင်သွားကြရန် တိုက်တွန်းခဲ့သည်ကို တွေ့ရှိရပါသည်။ ဒေါက်တာသန်းထွန်းနှင့် အတူ သုတေသနပြုလုပ်ဆောင်ခဲ့သော ရှေးဟောင်းသုတေသနပညာရှင် ဦးမောင်မောင်တင်ကလည်း “ယနေ့ခေတ်တွင် သမိုင်းကိုငြင်းခုံရာတွင် တုတ်ထမ်းဓားထမ်းပြောရန်မလို၊ ပေါက်တူးထမ်း၍ တူးဖော်ရှာဖွေပြီး ငြင်းရန် ပြောဆိုခဲ့ပါသည်။ နိုင်ငံတော်အစိုးရအဆက်ဆက်အနေဖြင့် ၁၉၇၀ နောက်ပိုင်းတွင် မြန်မာသမိုင်း၏ တစ်ဆက်တစ်စပ် တည်းဖြစ်တည်မှုအား မှန်ကန်စွာဖော်ပြနိုင်မည့် တူးဖော်သုတေသနပြုရေးနှင့် စမ်းသပ်စစ်ဆေးရေးများအား အထူးဝါယမစိုက်ထုတ်ကာ ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။

 

တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ရေးသားပြုစုရေးလုပ်ငန်း

 

မြန်မာ့သမိုင်းစဉ်တွင် ခိုင်ခိုင်မာမာကိုးကားစရာအဖြစ် လွန်ခဲ့သော နှစ် ၅၀ ကျော်က ရေးသားထားသည့် “အခြေပြမြန်မာ့နိုင်ငံရေးသမိုင်းသာ ရှိခဲ့ရာမှ နောက်ပိုင်းတွင် ပြည်တွင်း၊ ပြည်ပပညာရှင်များ၏ ဘာသာရပ်အလိုက် ကွင်းဆင်းလေ့လာ သုတေသနပြုအသစ်တွေ့ရှိချက်များ၊ ပြည်ပဓာတ်ခွဲ ခန်းများတွင် သိပ္ပံနည်းကျ သက်တမ်းတွက်ချက်မှုများကြောင့် ပျူခေတ်ကာလသမိုင်းစဉ်သည်လည်း ပိုမို၍ ရုပ်လုံးပေါ်ပြည့်စုံလာပြီဟုယူဆရပြီး တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်အား ပြန်လည်ဖြည့်စွက် ပြင်ဆင်ရေးသားနိုင်မည့် ရလဒ်ကို မျှော်မှန်းနိုင်ပြီဖြစ်ပါသည်။ ထိုလုပ်ငန်းစဉ်အား လုပ်ဆောင်ရန်အတွက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တစ်ဆက်စပ်တည်းသော မြန်မာ့သမိုင်းအား ရေးသားပြုစုရန် စတင်ဆောင်ရွက်ခဲ့ပါသည်။

 

၂၀၂၂ ခုနှစ် ဇွန်လမှစတင်ကာ ၂၀၂၃ ခုနှစ် မေလအထိ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်ဆိုင်ရာ အသစ်တွေ့ရှိရသည့် အထောက်အထား အချက်အလက်များကို ပြည်တွင်း၊ ပြည်ပပညာရှင်များရှေ့တွင် ညှိနှိုင်းဆွေးနွေးခြင်း၊ စစ်ဆေးခြင်းနှင့် ဖြည့်စွက်ရေးသားခြင်းအတွက် ဆွေးနွေးပွဲလေးကြိမ်ကျင်းပကာ မူကြမ်းစာအုပ်အား စတင်ရေးသားခဲ့ပြီးဖြစ်ပါသည်။ ထိုစာအုပ်ထဲတွင် အခြေပြမြန်မာ့နိုင်ငံရေးသမိုင်းထဲမှ လိုအပ်ချက်များဖြစ်သည့် သိပ္ပံနည်းကျ သက်တမ်းတွက်ချက်မှု (Carbon Dating Test) များ၊ မျိုးရိုးဗီဇစစ်ဆေးမှု (DNA Test) များအား ထပ်မံဖြည့်စွက်ကာ ၁၉၇၀ နောက်ပိုင်းတွင်တွေ့ရှိရသော တူးဖော်တွေ့ရှိမှု အထောက်အထားအသစ်များအား ထည့်သွင်းထားပါသည်။ အဆိုပါမူကြမ်းစာအုပ်တွင် မြန်မာနိုင်ငံသားများသည် ပရိုင်းမိတ်ဖြစ်ပေါ်လာသည့် ကာလမှစ၍ သံခေတ်ဟုဆိုနိုင်သည့် စမုန်မြစ်ဝှမ်းယဉ်ကျေးမှုကာလအထိ တစ်ဆက်တစ်စပ်တည်းပင် မြန်မာ့ရေမြေပေါ်တွင် ရှင်သန်နေထိုင်ခဲ့ကြသည့် သမိုင်းစဉ်အဆင့်ဆင့်အား အထောက်အထားခိုင်မာတိကျစွာ ရေးသားထားခဲ့ပါသည်။

 

ထိုဆွေးနွေးပွဲများနှင့် တစ်ဆက်တည်းပင် ပျူခေတ်ကာလ သမိုင်းစဉ်တို့နှင့်ပတ်သက်၍ ဆွေးနွေးပွဲများအား ၂၀၂၂ ခုနှစ် ဇွန်လမှ ၂၀၂၅ ခုနှစ် ဇွန်လအထိ လေးကြိမ်ပြုလုပ်ကာ ပျူခေတ်ကာလ ရှေးဦးမြန်မာများ၏ စာပေ၊ ယဉ်ကျေးမှု၊ ဗိသုကာပညာနှင့် အခြားသောကဏ္ဍများအား အသစ်တွေ့ရှိရသည့် အထောက်အထားများအား အခြေခံကာ ဖြည့်စွက်သင့်သည်ကို ဖြည့်စွက်ခြင်း၊ ပြင်ဆင်သင့်သည်တို့ကို ပြင်ဆင်ခြင်းများ လုပ်ဆောင်ခဲ့ပါသည်။ ထိုဆွေးနွေးပွဲများ၏ ရလဒ်အဖြစ် ပျူမြန်မာ တစ်ဆက်တစ်စပ်တည်း ဖြစ်တည်ခဲ့မှုများ၊ ပျူခေတ်နှင့်ပုဂံခေတ်သည် တစ်ဆက်တစ်စပ်တည်း တည်ရှိနေမှုများအား အတည်ပြုနိုင်ခဲ့သဖြင့် မြန်မာ့ သမိုင်းစဉ်ရေးသားခြင်းလုပ်ငန်းတွင် ကြီးမားသည့် အကျိုးသက်ရောက်မှုအား ဖြစ်ပေါ်စေခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲများ၏ ရလဒ်အရ ရှေးယခင်က သတ်မှတ်ခဲ့ကြသည့် မြန်မာတို့သည် တိဘက် ကုန်းပြင်မြင့်မှ ဆင်းသက်လာကာ မြန်မာနိုင်ငံသို့ အေဒီ ၈ ရာစုတွင် ဝင်ရောက်လာပြီး မြို့ပြ တည်ထောင်ခဲ့သည်ဟူသောမှားယွင်းသည့် သမိုင်း အားပယ်ဖျက်ကာ လူသားများအဖြစ် စတင်ဖြစ်တည်လာမည့် ပရိုင်းမိတ်ကာလမှပင် မြန်မာတို့သည် မြန်မာ့ရေမြေပေါ်တွင် နေထိုင်ခဲ့ကြသည်ဟူသည့် အချက်အား မီးမောင်းထိုးဖော်ပြလာနိုင်ပါသည်။

 

ဆွေးနွေးပွဲများတွင် ပြည်တွင်း၊ ပြည်ပမှ ပညာ ရှင်များစွာအား နယ်ပယ်အသီးသီးမှ ဖိတ်ခေါ်ကာ အပြန်ပြန်အလှန်လှန်စစ်ဆေးပြီး ရရှိလာသောမူကြမ်းများအား “မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ် ပြုစုပုံနှိပ်နိုင်ရေးကော်မတီ သို့ပေးအပ်ကာ မြန်မာနိုင်ငံ၏မှန်ကန်သော သမိုင်းအချက်အလက်များအား ခိုင်မာသော အချက်အလက်များအဖြစ် မှတ်တမ်းပြုစုရန်၊ ပြည်သူလူထုသိရှိစေရန် သမိုင်းစဉ်စာအုပ်ထုတ်ဝေရန်၊ ခိုင်မာသောသမိုင်းအား အခြေခံပညာနှင့် အဆင့်မြင့်ပညာရေး သင်ရိုးညွှန်းတမ်းများတွင် အနီးစပ်ဆုံးသော စာသင်နှစ်မှ စတင်ထည့်သွင်းရေးသားပြင်ဆင်ဖြည့်စွက်ပေးရန် လုပ်ဆောင်လျက်ရှိပါသည်။

 

ရှေးပညာရှိများ၏ မျိုးဆက်အမွေ

 

မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော သမိုင်းစဉ်စာအုပ်ပြုစုခြင်း၏ အဓိကရည်ရွယ်ချက်မှာ လူသားများ စတင်ဖြစ်တည်ချိန်မှ ပျူခေတ်အထိ တစ်ဆက်တစ်စပ်တည်း သမိုင်းနှင့် မြန်မာနိုင်ငံသမိုင်းတွင်ကွက်လပ်ဖြစ်နေသော ဟာကွက်များကို ဖြည့်ဆည်းရန်အတွက် အသစ်ထပ်မံတွေ့ရှိချက် အထောက်အထားများကို ပြင်ဆင်ဖြည့်စွက်ရန်၊ သမိုင်းစဉ်အထောက်အထားများကို အသစ်တွေ့ရှိ ချက်များသာမက ခေတ်မီသက်တမ်းတွက်ချက်မှု များကိုပါ ဖြည့်စွက်ရေးသားရန်နှင့် စစ်မှန်သော မြန်မာ့သမိုင်းပေါ်လွင်ရန်ဖြစ်၍ မြန်မာသမိုင်းအဖွဲ့ ပညာရှင်များနှင့် စိစစ်ရေးအဖွဲ့ပညာရှင်များက တည်းဖြတ်ပေးရန်ဖြစ်ပါကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံမှ မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ပြုစု ပုံနှိပ်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့ပါသည်။

 

ကိုလိုနီခေတ်တွင် ကိုလိုနီလူမျိုးခြားပညာရှင်များမှ ဘက်လိုက်ရေးသားခဲ့သော မှားယွင်းနေသည့် သမိုင်းအချက်အလက်များ၊ မြန်မာတို့၏ ဇာတိမာန်အား ရိုက်ချိုးစေရန် ရေးသားမှုများ၊ လူမျိုးရေးဘက်လိုက်ရေးသားမှုများအား နှောင်းကာလ မြန်မာ့သမိုင်းပညာရှင်များက ချေဖျက်ရန် ကြိုးစား ခဲ့ကြသော်လည်း ထိုခေတ်ကာလ၏ အခြေအနေများကြောင့် အလုံးစုံပြန်လည်ပြင်ဆင်ရန် မဖြစ်နိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် ထိုမှားယွင်းသော အချက်အလက်များအား ပညာရေးသင်ရိုး ညွှန်းတမ်းများတွင် ဆက်လက်ဖော်ပြလျက်ရှိနေ ဆဲပင်ဖြစ်ပါသည်။ ယခုအခါတွင်စစ်မှန်သည့် မြန်မာ့သမိုင်းသည် တစ်စစနှင့် ပီပြင်စွာပေါ်ထွက်လာခဲ့သည်ဖြစ်ရာ “အခြေပြ မြန်မာ့နိုင်ငံရေးသမိုင်း အား ရေးသားပြုစုခဲ့ကြသည့် ပညာရှင်များနှင့် နှောင်းခေတ်ကာလ သမိုင်းပညာရှင်များ ခေတ်အဆက်ဆက်ကြိုးစားအားထုတ်မှု၏ ရလဒ်ဟု ဆိုနိုင်မည်ဖြစ်ပါသည်။ ထိုပညာရှင်ကြီးများသည် ၎င်းတို့လက်ထက်တွင် ပြင်ဆင်ရန်ခက်ခဲသည်ကို သိရှိသဖြင့် နောင်တွင် မျိုးဆက်သစ်များ ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် အတတ်နိုင်ဆုံး အားထုတ်ကြိုးပမ်း ရေးသားထားသည်ဖြစ်ရာ ယခုအချိန်တွင် “တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်း ရေးသားပြုစုရာတွင်ကြီးမားသော အထောက်အပံ့ပင် ဖြစ်လာခဲ့ပါသည်။ ယခုကျွန်တော်တို့မျိုးဆက်တွင် “တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်း ရေးသားရာတွင် နိုင်ငံခြားပညာရှင်များ၏ ခြယ်လှယ်မှုကင်းလွတ်ကာ ခိုင်မာတိကျသော အထောက်အထားများစွာဖြင့် ခိုင်မာစွာ ရေးသားပြုစုနေခြင်းဖြစ်သော်လည်း အလုံးစုံပြည့်ဝမှန်ကန်ရန် လိုအပ်နေဆဲပင်ဖြစ်ပါသည်။ မျိုးဆက်သစ်များ လက်ထက်တွင်လည်း အသစ်ထပ်မံတွေ့ရှိချက်များရှိလာပါက ပြင်ဆင်ဖြည့်စွက်ရဦးမည်ပင် ဖြစ်ပါသည်။ ထိုလုပ်ငန်းစဉ်ကြီးသည် မြန်မာနိုင်ငံသားများအတွက် အစဉ်အဆက်လုပ်ဆောင်ရမည့် အမျိုးသားရေးတာဝန်ဖြစ်ရာ “တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်း ရေးသားပြုစုနေသည့် ကော်မတီ၏ လုပ်ဆောင်ချက်များသည် သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ဖြစ်တည်လာပြီဖြစ်ပါသည်။ မိမိတို့၏သမိုင်းအစစ်အမှန်အား ပိုမိုသိရှိလာကာအမျိုးဂုဏ်၊ ဇာတိဂုဏ်များ နိုးကြားလာနိုင်သဖြင့် “တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်း ရေးသားပြုစုခြင်း လုပ်ငန်းကြီးအား အောင်မြင်စွာ လုပ်ဆောင်နိုင်ရန် နိုင်ငံသူနိုင်ငံသားများအားလုံး ဝိုင်းဝန်းကူညီရမည်ဖြစ်ပါသည်။ ထိုကဲ့သို့ လုပ်ဆောင်နေသော အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ပညာရှင်များ၏ ကြိုးစားအားထုတ်မှုများ အောင်မြင်နိုင်စေရန်အတွက် မြန်မာနိုင်ငံသားများ အားလုံးကလည်း ဝမ်းမြောက်စွာ ကြိုဆိုအားပေးရမည်ပင် ဖြစ်ပါသည်။