နေပြည်တော် ဩဂုတ် ၂၃

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ပပို့ကုန်ကဏ္ဍတွင် ယခင်နှစ်များထက် ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး၊ ပို့ကုန် ဝင်ငွေတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ခြင်းနှင့်အတူ လိုအပ်သောသွင်းကုန်ကိုလည်း ဖြည့်ဆည်းပေးလျက် ရှိသောကြောင့် ညီနောင်အသင်းအဖွဲ့များအနေဖြင့် ပို့ကုန်တိုးမြှင့်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ရေထွက်ပို့ကုန်ကဏ္ဍတွင်လည်း GACC ခွင့်ပြုချက်ရရှိပြီးသည့် ရေထွက်ပစ္စည်းများ တိုးတက်တင်ပို့နိုင်ရေး၊ ပြည်ပပို့ကုန်ဈေးကွက်သစ် နိုင်ငံများ ရှာဖွေနိုင်ရေး၊ ရော်ဘာ၊ ဆီထွက်သီးနှံ၊ သစ်သီးဝလံ စသည့်ပို့ကုန်များထုတ်လုပ်မှု မြှင့်တင်နိုင်ရေး ညီနောင်အသင်းအဖွဲ့များအနေဖြင့် အသင်း ဝင်များကို တိုက်တွန်းဆောင်ရွက်ကြစေလိုကြောင်း၊ CMP လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဈေးကွက်သစ်များရရှိရေး နည်းလမ်းရှာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏အကျိုးကို ရှေးရှုပြီး ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက် ကြစေလိုကြောင်းနှင့် အခက်အခဲများရှိက တင်ပြကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ညီနောင်အသင်းအဖွဲ့များ၊ ကုန်သည် လုပ်ငန်းရှင်များက လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အားသာချက်၊ အားနည်းချက်နှင့် အခက်အခဲများကို ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တိုင်းဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ ကမ်းရိုးတန်းသွား သင်္ဘောပိုင်ရှင်များအသင်းမှ သင်္ဘောကုမ္ပဏီ ၁၀ ခု၏ တာဝန်ရှိသူများအား တွေ့ဆုံပြီး ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်း၊ မြန်မာနိုင်ငံကော့သောင်း ဆိပ်ကမ်းတို့မှ ကုန်ပစ္စည်းများ သယ်ဆောင်ရာတွင် ကုန်တင်လွှာစနစ် စံပြုလုပ်ငန်းစဉ် (SOP) အရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဥပဒေ၊ နည်းဥပဒေနှင့် သက်ဆိုင်သည့်အကျိုးဆက်များနှင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

 

သတင်းစဉ်