နေပြည်တော် ဩဂုတ် ၂၃
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်ထောင်စုနယ်မြေ နေပြည် တော် ဥတ္တရခရိုင် တပ်ကုန်း မြို့နယ် ဆင်သေချောင်းရေဝေ ရေလဲဧရိယာအတွင်းရှိ လွှဘုံကြိုး ဝိုင်းအတွင်းနှင့် ရှမ်းပြည်နယ် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေကန်ရေဝေရေလဲ ဧရိယာအတွင်းရှိ အင်းလေး အနောက် ကြိုးပြင် ကာကွယ်တောတို့အတွင်းရှိ တောနိမ့်တောပါး၊ ကွက်လပ်ဖြစ်ပေါ်နေသော တောင် ကုန်းများတွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံးများကြဲချ ခြင်းကို ယနေ့ နံနက်ပိုင်းတွင် ဆောင်ရွက်ကြသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရခရိုင် တပ်ကုန်းမြို့နယ် ဆင်သေချောင်း ရေဝေရေလဲ ဧရိယာအတွင်း လွှဘုံကြိုးဝိုင်းအကွက်အမှတ်(၂၀) ရှိ ဧရိယာ ၁၀ ဒသမ ၄ ဧကတွင် ဒေသနှင့် ကိုက်ညီသော သစ်ပင်အမျိုးအစား ငါးမျိုးဖြစ်သည့် မြန်မာကုက္ကို၊ စစ်၊ စိန်ပန်း၊ မဲဇလီ၊ ဘောစကိုင်းသစ်စေ့များ ဖြင့် ပြုလုပ်ထားသော သစ်စေ့မြေ လုံး စုစုပေါင်း ၁၀၀၀၀၀ ကြဲချခြင်း အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးဟန်သူ၊ နေပြည်တော် လေတပ်စခန်း စခန်းမှူး၊ တပ်မတော်(လေ)မှ တပ်မတော်သားများ၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သောင်းနိုင်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သစ်တောဦးစီး ဌာနမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ဆက်လက်၍ ရှမ်းပြည်နယ် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးကန် ရေဝေရေလဲ ဧရိယာအတွင်း အင်းလေးအနောက်ကြိုးပြင်ကာကွယ်တောရှိ ဧရိယာ ၈၆၆ ဧကတွင် ဒေသနှင့် ကိုက်ညီသော သစ်ပင်အမျိုးအစား သုံးမျိုးဖြစ်သည့် ကုလားကုက္ကို၊ ဘောစကိုင်း၊ အော်ရီးရှားသစ်စေ့ များဖြင့် ပြုလုပ်ထားသော သစ်စေ့ မြေလုံး စုစုပေါင်း ၂၀၀၀၀၀ ကို ရဟတ်ယာဉ်ဖြင့် နှစ်ခေါက် ကြဲချ ခြင်းအခမ်းအနားသို့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင် နှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနညွှန်ကြားရေးမှူး၊ ကလော ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊တပ်မတော်(လေ)မှ တပ်မတော်သားများ၊ ရှမ်းပြည်နယ် သစ်တော ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သစ်စေ့မြေလုံး ကြဲချစိုက်ပျိုးခြင်းသည် ကုန်ကျစရိတ်သက်သာ ခြင်း၊ လူအင်အားအနည်းငယ်ဖြင့် ဧရိယာကျယ်ဝန်းစွာ စိုက်ပျိုးဆောင်ရွက်နိုင်ခြင်း၊ သွားလာရန်ခက်ခဲသည့်တောင်ကုန်း၊ တောင် တန်းများတွင် ရဟတ်ယာဉ်များ ဖြင့် ဆောင်ရွက်နိုင်ခြင်း၊ အချိန်တို အတွင်း ဧရိယာကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ပျိုးပင်ဖြင့် စိုက်ပျိုးခြင်း ကဲ့သို့ ရှင်သန်အောင်မြင်မှုအထိုက် အလျောက် ထိရောက်မှုရှိကြောင်း နှင့် ၂၀၂၅ ခုနှစ် မိုးရာသီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရခရိုင် တပ်ကုန်း မြို့နယ်ရှိ ဆင်သေချောင်း ရေဝေ ရေလဲဒေသအတွင်းနှင့် ရှမ်းပြည်နယ် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးအနောက် ကြိုးပြင်ကာကွယ်တောအတွင်း သစ်စေ့ကြဲချခြင်း အောင်မြင်ရှင်သန်မှုအခြေအနေများကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် နမူနာကွက်များ ပြုလုပ်၍ အပင်ပေါက်ရောက်မှုကာလနှင့် သစ်စေ့မျိုးအလိုက် ပေါက်ရောက်မှု၊ ရှင်သန်နိုင်မှုအခြေအနေကို စာရင်းကောက်ယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


