တောင်ငူ ဩဂုတ် ၂၃
တောင်ငူခရိုင်အတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဖော်ထုတ် ထိန်းသိမ်းနေမှုများ ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက အုတ်တွင်းမြို့နယ် နတ်စဉ်ကုန်းကျေးရွာအုပ်စု၌ တစ်ကွင်း တစ်ဆက်တည်း မိုးစပါးအကွက်ကျယ် စံပြစိုက်ခင်းဧက ၃၀၀ ပေါင်းလိုက်၊ သမန်းနှိုး၊ မြေဩဇာကြဲပက်နေမှုကို ကွင်းဆင်းကြည့်ရှု အားပေးသည်။
ဆက်လက်၍ ဒေသခံတောင်သူများနှင့်တွေ့ဆုံပြီး သွင်းအားစုသုံးစွဲမှု လျော့ကျစေရေး၊ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးရန်၊ ဒေသကျွဲနွားများ ပြုန်းတီးမှု မရှိစေရေး ခြံလှောင်စနစ်ဖြင့် တိုးချဲ့မွေးမြူရန်၊ ရေသွင်းရေထုတ်မြောင်းများ ရေရှည် ကောင်းမွန်စေရေး ထိန်းသိမ်းစောင့်ရှောက်ရန် မှာကြားကာ မိုးစပါးစိုက်တောင်သူများထံ သွင်းအားစုများ ချီးမြှင် ပေးအပ်သည်။
ထို့နောက် တောင်ငူမြို့နယ် ငါးဖယ်အင်းကျေးရွာ အုပ်စု၌ ရေကြီးနစ်မြုပ်ခဲ့သည့် မိုးစပါးဧက ၉၅၀ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် သက်တမ်းတူ၊ မျိုးတူပြန်လည်စိုက်ပျိုးနေမှုကို ကွင်းဆင်းကြည့်ရှုအားပေးကာ မိုးစပါးစိုက်တောင်သူများနှင့် တွေ့ဆုံ၍ ဒေသတွင်းမိုးစပါး စိုက်ပျိုး ထုတ်လုပ်မှု လျော့နည်းခြင်းမရှိစေရေး၊ ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိရေး၊ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနိုင်သည့် နည်းပညာများ ကျယ်ကျယ်ပြန့်ပြန့်ရရှိရေးနှင့် လယ်မြေအခြေအနေပေါ် မူတည်၍ မျိုးပြောင်းလဲစိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးကာ ဒေသခံ တောင်သူများကို သွင်းအားစုများ ချီးမြှင့်ပေးအပ်သည်။
ယင်းနောက် တောင်ငူမြို့ ကေတုမတီမြို့ဟောင်း မြောက်ဘက်မြို့ရိုး ပြန်လည်တူးဖော်ထားမှု၊ မော်ကွန်းတံခါး ပြန်လည်ဖော်ထုတ်မှုနှင့် ကျုံးကူးတံတား တည်ဆောက်မည့် နေရာတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ရှေးဟောင်းသမိုင်းဝင်နေရာများ တူးဖော်ခြင်းနှင့် ပြုပြင်ထိန်းသိမ်း ခြင်းများ ဆောင်ရွက်ရာတွင် သုတေသနပြုခြင်း၊ တိကျခိုင်မာသည့် အထောက်အထားများ ရှာဖွေခြင်း၊ မြို့ရိုး/တံခါးပေါက်နှင့် ဆက်စပ်အဆောက်အအုံနေရာများ ဖော်ထုတ်ရန်၊ ရေကျုံးနှင့် နွံကျုံး နှစ်ထပ် ကာရံထားသည့် ထူးခြားသော မြို့ဟောင်းတစ်ခုဖြစ်၍ မြို့ရိုးပေါ်ရှိ အဆောက်အအုံများ ဖယ်ရှားရာတွင် ရှေးဟောင်း သမိုင်းဆိုင်ရာ အထောက်အထားများ ထိခိုက်မှုမရှိစေရေးနှင့် ကျုံးပတ်လမ်း ကောင်းမွန်မှု ရှိစေရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ တောင်ငူမြို့ ကေတုမတီမြို့ဟောင်းအတွင်းရှိရှေးဟောင်းဘုတ်တလုပ်ရေကန် ပြန်လည် ဖော်ထုတ်ထိန်းသိမ်းနေမှု၊ ကန်ပတ်လမ်းကတ္တရာ ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဘုတ်တလုပ်ကန်နှင့် သက်ဆိုင်သည့် အုတ်စီ/အုတ်ရိုး ရှာဖွေတူးဖော်နေမှုတို့ကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးကာ ရှေးဟောင်း ကန်အတွင်း ရေဆိုးဝင်ရောက်မှု မရှိစေရေး ရေထုတ်မြောင်းများ ထည့်သွင်းတည်ဆောက်ရန်၊ ရေကန်နယ်နိမိတ်အား စနစ်တကျ ကာရံထားရန်၊ သမိုင်းဆိုင်ရာ အထောက်အထားများ အများပြည်သူ သိရှိတန်ဖိုးထားနိုင်ရေး ဆိုင်းဘုတ်တင်ထားရှိရန်၊ ကန်ပေါင် တစ်လျှောက် စိမ်းလန်းစိုပြည်စေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


