တိုကျို ဩဂုတ် ၂၃
ဂျပန်နိုင်ငံတွင် ကုန်တင်ယာဉ်မောင်းများ ပြတ်တောက်နေသည့် ပြဿနာကို ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ရန် အလိုအလျောက် မောင်းနှင်နိုင်သည့် ကုန်တင်ယာဉ်များကို အသုံးပြုကာ ခရီးဝေး သယ်ယူ ပို့ဆောင်ရေးကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ဆောင်မှုကို တိုကျိုမြို့မြောက်ဘက် အီဘရာကီခရိုင်တွင် ဩဂုတ် ၂၁ ရက်က မီဒီယာများအား သရုပ်ပြသခဲ့သည်။ ဇူလိုင်လက စတင်ခဲ့သော အဆိုပါ အစီအစဉ်တွင် တိုကျို အခြေစိုက် အလိုအလျောက် မောင်းနှင်နိုင်သည့်စနစ် တီထွင်ထုတ်လုပ်သော T2 ကုမ္ပဏီနှင့် Sagawa Express အပါအဝင် ထင်ရှားသည့် ကုန်ပစ္စည်းပို့ဆောင်ရေး ကုမ္ပဏီကြီး ငါးခုပါဝင်ကြောင်း သိရသည်။
အီဘရာကီခရိုင်ရှိ စမ်းသပ်မောင်းနှင်ရေး လမ်းကြောင်းတစ်ခုတွင် လုပ်ဆောင်ခဲ့သည့် သရုပ်ပြပွဲတွင် အဆင့်-၂ အလိုအလျောက် မောင်းနှင်နိုင်သည့်စနစ်ဖြင့် ရွေ့လျားမောင်းနှင်နေသော ကုန်တင် ယာဉ်တစ်စီးကို ပြသထားသည်။ အဆိုပါ ကုန်တင်ယာဉ်သည် တစ်နာရီလျှင် ၇၀ ကီလိုမီတာခန့် မောင်းနှင်နိုင်ကြောင်း၊ လမ်းအကွေ့များကို အလိုအလျောက်မောင်းနှင် နိုင်ကြောင်းနှင့် လမ်းကြောင်း ပြောင်းရာတွင်လည်း အရှိန်ကို လျှော့ချနိုင်ကြောင်း သိရသည်။
အဆိုပါ ကုန်တင်ယာဉ်ကို တိုကျို - နာဂိုယာဒေသို့ ဆက်သွယ်ထားသော တိုမိုင်အမြန်လမ်းတွင် ပြီးခဲ့သည့်လမှ စတင်ကာ သီတင်းတစ်ပတ်လျှင် ငါးကြိမ်ခန့် စမ်းသပ်အသုံးပြုလျက်ရှိသည်။
T2 ကုမ္ပဏီ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဌာန အကြီးအကဲဖြစ်သူ ကူနီတိုရှိကန်က ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းတွင် လုပ်သားရှားပါးမှုမှာ အရေးပေါ်အခြေအနေ ဖြစ်လာကြောင်း ပြောသည်။
အင်န်အိတ်ချ်ကေ


