ရန်ကုန် ၁၃  မတ်

ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နမိတ်အတွင်း၌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် အဆင့်ဆင့်အား မဲပေးရွေးချယ်နိုင်ရေးအတွက်  မဲပေးခွင့်ရှိသူဦးရေ ၃ ဒသမ ၄ သန်းခန့်ရှိကြောင်း သိရသည်။ 

 

33

 

ရန်ကုန်မြို့တော်စည်ပင်သာယာကော်မတီဝင်အဆင့်ဆင့် ရွေးကောက်ပွဲအား ပြည်သူများ သိရှိနားလည် စေရန် ရုပ်ရှင်ရုံများ၌ နိုင်ငံတော်အလံပြသပြီးနောက် စည်ပင်ရွေးကောက်ပွဲ အသိပညာပေးမှုများကို ထုတ် လွှင့်ပြသရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ပြောကြားသည်။

"မဲပေးသူတွေတိုးလာရေး ကူညီချင်တယ်။ မဲပေးရေးကိုလှုံ့ဆော်မှုအပိုင်း ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးကို တွန်း အားပေးဆောင်ရွက်နေပါတယ်။ 

ရုပ်မြင်သံကြားတွေ၊ ဝိုင်ဘီအက်(စ်)ယာဉ်တွေမှာ မဲပေးရေး အသိပညာ ပေးလှုံဆော်မှုတွေပြသလိုပဲ ရုပ်ရှင်ရုံတွေမှာ နိုင်ငံတော်အလံလွှင့်ထူပြီးရင် အသိပညာပေးဖို့ ဆောင်ရွက် ထားပါတယ်"ဟု ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ရွေးကောက်ပွဲကာ်မရှင်အဖွဲ့တို့ တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က မဲစာရင်းနှင့် မဲပေးခွင့်အခြေအနေများ၊ ရွေးကောက်ပွဲ ဆိုင်ရာလိုအပ်ချက်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ လုံခြုံရေးအပိုင်း စီစဉ်ထားရှိမှုအခြေ အနေများ၊ ရွေးကောက်ပွဲနေ့အတွက် စီစဉ်ထားမှုအခြေအနေများနှင့် ရွေးကောက်ပွဲစောင့်ကြည့်သူများကို ခွင့်ပြုထားသည့် အခြေအနေများကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။

ယနေ့ကျင်းပသည့် အစည်းအဝေး၌ ရန်ကုန်မြို့တော်စည်ပင်သာယာကော်မတီဝင် အဆင့်ဆင့်ရွေးကောက် ပွဲကော်မရှင်ဥက္ကဌ ဦးအောင်ခိုင်က မဲပေးနိုင်မည့် မဲစာရင်းများကို(၁၅)ရက်နေ့တွင် အများပြည်သူသိရှိနိုင် ရန် ဖော်ပြသွားမည်ဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲပေးနိုင်ရန်စီစဉ်ထားကြောင်းပြောကြားသည်။

"ကျွန်တော်တို့စက်မှုဇုန်တွေမှာ အလုပ်လုပ်နေတဲ့သူတွေကိုလည်း မဲပေးခွင့်ရအောင် စက်ရုံအလုပ်ရုံတွေက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာပါ"ဟု ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောကြားသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် အဆင့်ဆင့် ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးနိုင်ရန် ရပ်ကွက်ပေါင်း ၆၁၃ ရပ်ကွက်တွင် မဲရုံပေါင်း ၂၈၇၉ ရုံဖွင့်လှစ်ထားမည်ဖြစ်ကြောင်း သိရသည်။ 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း