နေပြည်တော် ဩဂုတ် ၂၃
ဒုတိယအကြိမ်မြောက် ဆီးချိုသွေးချိုနှင့် ဟော်မုန်းရောဂါပညာအဖွဲ့ နိုင်ငံတကာ ဆေးပညာညီလာခံ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Melia Hotel ရန်ကုန်၌ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ မြန်မာနိုင်ငံ ဆေး ကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်အသင်းနှင့် နှီးနွှယ်ပညာရှင်အသင်းများ မှ ဥက္ကဋ္ဌများ၊ အငြိမ်းစားဆေးပညာရှင်ကြီးများ၊ ပြည်တွင်း/ပြည်ပမှ အထွေထွေရောဂါဆေးပညာနှင့် ဆီးချိုသွေးချိုနှင့်ဟော်မုန်းရောဂါ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဆီးချိုနှင့်သွေးတိုးရောဂါများကို စောစီးစွာစစ်ဆေးနိုင်ပြီး အချိန်မီ ကုသနိုင်ရန်အတွက် ကျန်းမာရေးဌာနများတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ဆေး ဆောင်ရွက်ပေးနေပြီး နိုင်ငံတော်အစိုးရ၏ ပံ့ပိုးမှုနှင့်အတူ ပြည်သူများ ဆေးကုသမှုအတွက် စိုက်ထုတ်ကုန်ကျစရိတ် လျော့နည်းသက်သာစေရေးအတွက် ဆီးချို၊ သွေးတိုး နှင့် အခြား မကူးစက်နိုင်သောရောဂါများကုသမှု ဆေးဝါးများကိုလည်း အခမဲ့ပံ့ပိုးပေးလျက် ရှိပါကြောင်း၊ ဆီးချိုသွေးချိုနှင့် ဟော်မုန်းရောဂါဆိုင်ရာ ဆေးပညာရှင်များကိုလည်း ပြည်တွင်း၌ နှစ်စဉ် တိုးမြှင့်လေ့ကျင့် မွေးထုတ်လျက်ရှိသည့်အပြင် ပြည်ပ၌ လေ့လာသင်ကြားမှုများကိုလည်း ခွင့်ပြုပံ့ပိုး ပေးလျက်ရှိပါကြောင်း၊ အတွေ့အကြုံ၊ ဗဟုသုတများ ဖလှယ်ကာ ဆီးချိုနှင့် ဟော်မုန်း ရောဂါကုသမှုများအတွက် ပိုမိုအားဖြည့် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး မျိုးဆက်သစ် ဆေးပညာရှင်များအတွက် ဆေးပညာအသိဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဆေးတက္ကသိုလ်(၁) ရန်ကုန်မှ ကျောင်းသူလေးများက “မင်္ဂလာပါ”သီချင်းဖြင့် ကပြ ဖျော်ဖြေကြပြီး အပြည်ပြည်ဆိုင်ရာ ဆီးချိုသွေးချိုရောဂါအသင်းအဖွဲ့ကြီး (International Diabetes Federation – IDF) ၏ ဥက္ကဋ္ဌ Professor Peter Schwarz က ပေးပို့သည့် ညီလာခံကြိုဆိုနှုတ်ခွန်း ဆက် Video message အား ဖွင့်လှစ်ပြသသည်။
ယင်းနောက် မြန်မာနိုင်ငံ ဆီးချိုသွေးချိုရောဂါ အသင်း၏ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာသန်းသန်းအေး က ညီလာခံကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဆေးတက္ကသိုလ် (၂) ရန်ကုန် ပါမောက္ခချုပ် (ငြိမ်း) ပါမောက္ခ ဒေါက်တာတင့်ဆွေလတ်နှင့် မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါ အသင်း၏ဥက္ကဋ္ဌတို့က ညီလာခံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ခင်းကျင်းပြသထားသည့် ပညာရပ်ဆိုင်ရာ သုတေသနစာတမ်းပြခန်းများကို လှည့်လှည်ကြည့်ရှုအားပေးသည်။
အဆိုပါညီလာခံကို ဩဂုတ် ၂၃ ရက်မှ ၂၄ ရက် အထိ “ဆီးချိုသွေးချိုနှင့် ဟော်မုန်းရောဂါကုသမှုများ မြှင့်တင်ခြင်း” (Advancing Care in Diabetes and Endocrinology) ခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ဆေးပညာရှင်များသာမက ဩစတြီးယား၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ စင်ကာပူ၊ ထိုင်း၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်နိုင်ငံတို့မှ ဆေးပညာရှင် ၁၄ ဦးက Speaker အဖြစ်ပါဝင် ဆွေးနွေးကြမည်ဖြစ်ရာ ပြည်တွင်းပြည်ပမှ ပညာရှင် ၄၅၀ ခန့် တက်ရောက် လျက်ရှိကြသည်။
ညီလာခံတွင်ဆွေးနွေးပွဲ (Symposium) ၈ ခုခွဲ၍ ဆွေးနွေးကြမည်ဖြစ်ရာ Artificial Intelligence(AI) ကို အသုံးပြုပြီး ဆီးချိုသွေးချို၏ နောက်ဆက်တွဲ ရောဂါများဖြစ်သည့် မျက်စိအတွင်း သွေးကြောများ ပျက်စီးကာ အမြင်အာရုံထိခိုက်မှု၊ ကျောက်ကပ်ရောဂါ နှင့် အာရုံကြောရောဂါများ ဖြစ်နိုင်ခြေတို့ကို စစ်ဆေးသည့် ခေတ်မီနည်းပညာသစ်ကို မြန်မာနိုင်ငံတွင် အသုံးပြုဆောင်ရွက်ခဲ့သည့် သုတေသန အပါအဝင် ပြောင်းလဲတိုးတက်လာသည့် နည်းပညာရပ်များ ဆိုင်ရာဆွေးနွေးပွဲများ၊ ပညာရပ်ဆိုင်ရာ ပိုစတာ ၃၅ ခုနှင့် ဆေးနှင့်ဆေးပစ္စည်းပြခန်းများကို ခင်းကျင်းပြသထားပြီး ညီလာခံမစမီ အကြိုအစီ အစဉ်အနေဖြင့် သွေးတွင်းဂလူးကို့စ် စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးခြင်း (Continuous Glucose Monitoring - CGM) ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
သတင်းစဉ်


