နေပြည်တော် ဩဂုတ် ၂၄
ဆောက်လုပ်ရေးဝန်ကြီးဌာန ဗဟိုသင်တန်းကျောင်း အဆင့်မြှင့်တင်ဖွင့်လှစ်ခြင်းနှင့် ငလျင်ကာလအလွန် အဆောက်အအုံများ စစ်ဆေးရာတွင် နည်းပညာဆိုင်ရာ ကူညီဆောင်ရွက်ပေးခဲ့သော ပညာရှင်များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ်ရှိ ဗဟိုသင်တန်းကျောင်း၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများ၊ သင်တန်းကျောင်းအုပ်ကြီး၊ သင်တန်းနည်းပြများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဗဟိုသင်တန်းကျောင်း ကမ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဗဟိုသင်တန်းကျောင်းရှိစာသင်ခန်းမများ၊ သင်ထောက်ကူပစ္စည်းများ၊ သင်တန်းသား သင်တန်းသူများအတွက် သင်ကြားရေး၊ နေထိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေးတို့အတွက် ဆောင်ရွက်ထားရှိမှု၊ သင်တန်းကျောင်းတွင်ထားရှိသည့် စာကြည့်တိုက်အတွင်းရှိ အင်ဂျင်နီယာဘာသာရပ်နှင့် စီမံခန့်ခွဲမှုဆိုင်ရာစာအုပ်များ ခင်းကျင်းထားရှိမှု၊ Library Management System နှင့် e-Book Management System များ အသုံးပြု၍ စာအုပ်စာတမ်းများစီမံခန့်ခွဲခြင်း၊ ထိန်းသိမ်းထားသိုခြင်းနှင့် ငှားရမ်းမှုဆိုင်ရာစီမံခန့်ခွဲခြင်း၊ e-Book များအား လွယ်ကူစွာဖတ်ရှုနိုင်ရန် စီမံထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ယင်းနောက် ငလျင်ကာလအလွန် နည်းပညာဆိုင်ရာ ကူညီဆောင်ရွက်ပေးခဲ့သော ပညာရှင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ဗဟိုသင်တန်းကျောင်း ခန်းမဆောင်၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အငြိမ်းစား ယူခဲ့သော ဌာနတာဝန်ရှိသူများနှင့် ပညာရှင်များ၊ ငလျင်ကာလအလွန် နည်းပညာဆိုင်ရာ ကူညီဆောင်ရွက်ပေးခဲ့သော ပြင်ပပညာရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပညာရှင်များ၊ အသင်းအဖွဲ့များမှ ကျွမ်းကျင်အင်ဂျင်နီယာ များသည် မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးနောက် ထိခိုက်ပျက်စီးခဲ့ရသော နိုင်ငံတော်ပိုင်ရုံးများနှင့် အထူးအဆောက်အအုံများ၊ နိုင်ငံ့ဝန်ထမ်းအိမ်ရာများကို ကနဦးစစ်ဆေး၍ ဘေးအန္တရာယ်ကင်းရှင်းမှု အဆင့်သတ်မှတ်ခြင်း၊ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည်များကို ပြုပြင်ဆောင်ရွက်မည့် လုပ်ထုံးလုပ်နည်း SOP များ ရေးဆွဲထုတ်ပြန်ခြင်း၊ သာသနိကအဆောက်အအုံများ ပြုပြင်ခြင်းအတွက် SOP များ ရေးဆွဲထုတ်ပြန်ခြင်း၊ ပြုပြင်ရမည့် နည်းလမ်းများကို Knowledge Sharing များ ပြုလုပ်ပေးခဲ့သည့်အပြင် ငလျင်လှုပ်ခတ်ခဲ့သည့် Fault လိုင်းနှင့် Rupture လိုင်းများ လေ့လာပြီး Hazard Zone Map နှင့် Damage Assessment များ ရေးဆွဲထုတ်ပြန်ခြင်းနှင့် ငလျင်ဒဏ်ခံ အဆောက်အအုံဒီဇိုင်းများ ရေးဆွဲခြင်းများတွင် ပူးပေါင်းဆောင်ရွက်ပေးခဲ့ခြင်းများကြောင့် ငလျင်ကာလအလွန် ပြန်လည်ထူထောင်ရေးအတွက် အချိန်တိုအတွင်း အကျိုးရှိထိရောက်ခဲ့သည် ဖြစ်၍ နိုင်ငံတော်အစိုးရက အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ပါကြောင်း။
ထို့ပြင် အဆိုပါပညာရှင်များသည် မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်း လမ်းညွှန်ချက်များ ၂၀၂၅ (MNBC-2025) ရေးဆွဲထုတ်ပြန်ရာတွင် အဓိကပါဝင်ဆွေးနွေး ပြုစုပေးခဲ့သူများလည်း ဖြစ်သည့်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း၊ နောင်အနာဂတ်ကာလများတွင်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ဂုဏ်ပြုချီးမြှင့်သော ငလျင်ကာလအလွန် နည်းပညာဆိုင်ရာ ကူညီဆောင်ရွက်ပေးခဲ့ကြသော ပညာရှင်များအတွက် ဂုဏ်ပြုလက်ဆောင်များကို ကော်မတီကိုယ်စား ပြည်ထောင်စုဝန်ကြီးက တစ်ဦးချင်း ဂုဏ်ပြုချီးမြှင့် ပေးအပ်ပြီး ပညာရှင်များကိုယ်စား မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီဥက္ကဋ္ဌဒေါက်တာ အောင်ကျော်မြတ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


