တောင်ငူ   ဩဂုတ်   ၂၄

 

ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုအားပေးသည်။

 

ကြည့်ရှုစစ်ဆေး

ဦးစွာ  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်  တာဝန်ရှိသူများသည် ညောင်လေးပင်ခရိုင် ဒိုက်ဦးမြို့နယ် ဒိုးတန်းကျေးရွာအုပ်စု၌ “အောင်နိုင်တိုးမျိုးစေ့ထုတ် စိုက်ခင်းဧက  ၂၀  အောင်မြင်ဖြစ်ထွန်းနေမှုကို  ကြည့်ရှုစစ်ဆေးပြီး ဒေသတွင်း ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိသည့် မျိုးကောင်း မျိုးသန့်များကို တောင်သူများကိုယ်တိုင် မျိုးစေ့ထုတ်ခြင်း၊ စိုက်ပျိုးခြင်းနှင့် တောင်သူအချင်းချင်း ဖြန့်ဝေခြင်းများသည် မြို့နယ်အလိုက် အထွက်နှုန်းကောင်းမျိုးများ အလျင်အမြန်ဖူလုံစေမည် ဖြစ်သည့်အတွက် အသိပညာပေးရန် မှာကြားကာ သွင်းအားစုများ ချီးမြှင့်ပေးအပ်သည်။

 

ထို့နောက်  ဒိုက်ဦးမြို့  ဒရယ်မီးရပ်ကွက် သရဖူဆန်စက်၌ ဒိုက်ဦးဒေသထွက် အရှည်  ၂၄  ပေ၊ အကျယ်  ၁၅  ပေ၊ နှစ်ခန်းတွဲ ဒေသထုတ် စပါးအခြောက်ခံစက် တပ်ဆင်ထားရှိမှုကို ကြည့်ရှု အားပေးပြီး  ဒိုက်ဦးဒေသသည် သုံးသီးစိုက်ဧကများပြီး စပါးအများဆုံးစိုက်ပျိုးသည့် ဒေသဖြစ်၍     သုံးသီးစိုက်ပျိုးသည့် ကျေးရွာအုပ်စုအလိုက်ဒေသထုတ် စပါးအခြောက်ခံစက်များ တပ်ဆင်ပေးနိုင်ရေး  တာဝန်ရှိသူများအား မှာကြားသည်။

 

ယင်းနောက် ဒိုက်ဦးမြို့နယ် အိမ်ခြေလေးဆယ်ကျေးရွာအုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း ဧက၂၀၀   ဆင်းသုခမျိုးစေ့ထုတ်စိုက်ခင်း၌ စုပေါင်းမြေဩဇာကြဲပက်နေမှုနှင့် မျိုးကွဲနုတ်ပယ်နေမှုတို့ကို    ကြည့်ရှုအားပေးပြီး မိုးစပါးနှင့်ဆောင်းသီးနှံပဲစိုက်ပျိုးပြီးစီးပါက သီးထပ်စွမ်းအားတိုးတက်စေရေးနှင့် နွေစပါးထပ်မံစိုက်ပျိုးနိုင်ရေး ရေပေးမြောင်းများ တူးဖော်ပေးရန် မှာကြားကာ မျိုးစေ့ထုတ်စိုက် တောင်သူများကို သွင်းအားစုများ ချီးမြှင့်ပေးအပ်သည်။

 

ဆက်လက်၍   ဒိုက်ဦးမြို့နယ် ရှမ်းစုကျေးရွာ၌ ဦးခင်မောင်တင့်၏ တန် ၁၀၀ ကျ  ဆန်စက်နှင့် စပါးတင်း  ၂၀၀၀ ဆံ့ အခြောက်ခံ စက်လည်ပတ်နေမှုကိုလည်းကောင်း၊ ဒိုက်ဦးမြို့နယ် ကတုတ် ဘုရားကျေးရွာအုပ်စု၌ မွေးမြူရေးလုပ်ငန်းရှင် ဦးကျော်ညွန့်၏ ဥစားဘဲကောင်ရေ  ၂၀၀၀  ကို စပါးခင်းများအတွင်း မွေးမြူနေမှုကိုလည်းကောင်း ကြည့်ရှုအားပေးပြီး စပါးခင်းအတွင်း  ကျရောက်တတ်သည့် ရွှေခရုနှင့်အခြားပိုးမွှားများ အန္တရာယ်မှကာကွယ်ပေးနိုင်သည့်အပြင် ဥစားသုံးမှုဖူလုံစေရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူရသည့် မွေးမြူရေးလုပ်ငန်းဖြစ်၍  စပါးစိုက်တောင်သူများကိုယ်တိုင် အစုအဖွဲ့စနစ်ဖြင့် ဘဲမွေးမြူရေးဆောင်ရွက်ရန် မှာကြားသည်။

 

ယင်းနောက် ဦးဝင်းဇော်လတ်၏ ဒေသကျွဲကောင်ရေ ၆၀ မွေးမြူထားရှိမှုကို ကြည့်ရှုအားပေးပြီး နို့စားကျွဲ မျိုးကောင်းများဖြင့် မေထုန်မဲ့သားစပ်၍ မျိုးမြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်နှင့်  နေဗီယာမြက်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)