နေပြည်တော် ဩဂုတ် ၂၄
ဩဂုတ် ၁၈ ရက်မှ ၂၅ ရက် အထိ ထိုင်းနိုင်ငံ ဗန်ကောက် မြို့တွင် ကျင်းပပြုလုပ်သည့် (၅၇)ကြိမ်မြောက် အာရှကာယ ဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲ သို့ မြန်မာနိုင်ငံ ကာယဗလ နှင့် ကာယကြံ့ခိုင်မှုအားကစား အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးညီညီ အဖွဲ့ခေါင်းဆောင် အဖြစ် ဦးဆောင်လျက်အုပ်ချုပ်သူ တစ်ဦး၊ နည်းပြသုံးဦး၊ ဒိုင်လူကြီး နှစ်ဦးနှင့် အားကစားသမား ၂၀ စုစုပေါင်း အားကစားအဖွဲ့ဝင် ၂၆ ဦးဖြင့် သွားရောက်ယှဉ်ပြိုင်လျက် ရှိသည်။
ဩဂုတ် ၂၂ ရက်မှ ၂၅ ရက်အထိ ကျင်းပသော (၅၇)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင် မှုအားကစားပြိုင်ပွဲများ၌ ဩဂုတ် ၂၂ ရက်တွင် မောင်မောင်မြင့်က (၄၀-၄၉) ကီလိုတန်းအမျိုးသား ကာယဗလပြိုင်ပွဲ၌ ငွေတံဆိပ်ဆု နှင့် ၇၀ တန်းတွင် ကြေးတံဆိပ် ဆုကို ထပ်မံရရှိသည်။
ဩဂုတ် ၂၃ ရက်တွင် မောင်ချမ်း မြေ့ထွန်းက ၇၅ ကီလိုတန်းတွင် ရွှေတံဆိပ်ဆုကို လည်းကောင်း၊ မောင်စိုင်းသက်နောင်ဦးက ၁၇၅ စင်တီမီတာ ကိုယ်ခန္ဓာအလှ အမျိုးသား ကာယကြံ့ခိုင်မှု ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုကို လည်းကောင်း၊ မောင်မျိုးသူရကျော် က ၁၈၀ စင်တီမီတာအထက် ကိုယ်ခန္ဓာအလှ အမျိုးသား ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ကြေး တံဆိပ်ဆုကို လည်းကောင်း ဆွတ်ခူးရရှိသည်။
ဩဂုတ် ၂၄ ရက်တွင် မဇူးဇူးသန့် က Women's Model Physique up to 170 cm ပြိုင်ပွဲတွင် ရွှေတံဆိပ် ဆုကိုလည်းကောင်း၊ မမိုးသက်ခိုင် က Women's Wellness Physique ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုကိုလည်း ကောင်း၊ မောင်ချမ်းမြေ့ထွန်းက အကောင်းဆုံး ကိုယ်ဟန်ပြဆုကို လည်းကောင်း ရရှိခဲ့ပြီး မြန်မာ အားကစားအဖွဲ့သည် (၅၇)ကြိမ် မြောက် အာရှကာယဗလနှင့် ကာယ ကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ် နှစ်ခု နှင့် ကြေးတံဆိပ်သုံးခု စုစုပေါင်း ဆုတံဆိပ် ခုနစ်ခုအပြင် မောင်ချမ်း မြေ့ထွန်းက အကောင်းဆုံး ကိုယ်ဟန်ပြဆုပါထပ်မံရရှိခဲ့သည်။
ပြိုင်ပွဲဝင် နိုင်ငံပေါင်း ၂၈ နိုင်ငံမှ ပြိုင်ပွဲဝင်အားကစားသမား ၁၆၇ ဦး ယှဉ်ပြိုင်ကြသည့် (၁၉)ကြိမ် မြောက် အရှေ့တောင်အာရှ ကာယ ဗလနှင့် ကာယကြံ့ခိုင်မှုအားကစား ပြိုင်ပွဲတွင် မြန်မာအသင်းက ရွှေတံဆိပ်သုံးခု၊ ငွေတံဆိပ်နှစ်ခု နှင့် ကြေးတံဆိပ် သုံးခုရရှိခဲ့ပြီး အမျိုးသားအသင်းသည် နိုင်ငံ အလိုက် တတိယဆုကိုလည်း ကောင်း၊ အမျိုးသမီးအသင်းသည် နိုင်ငံအလိုက်တတိယဆုကိုလည်း ကောင်း ရရှိခဲ့ပြီး (၅၇)ကြိမ်မြောက် အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲတွင် ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ်နှစ်ခုနှင့် ကြေးတံဆိပ် သုံးခု ထပ်မံရရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်


