နေပြည်တော် ဩဂုတ် ၂၄
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့က ဇေယျာသီရိမြို့နယ် ကျွန်းရောင်း ကျေးရွာအုပ်စု လေသာကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသ တောင်သူများနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် နေပြည်တော် ကောင်စီဥက္ကဋ္ဌက မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စနစ်တကျစိုက်ပျိုးရေး၊ သဘာဝ မြေဩဇာကို တောင်သူများ ကိုယ်တိုင် ပြုလုပ်သုံးစွဲရေး၊ နိုင်ငံတော်မှ သက်သာသော ဈေးနှုန်းဖြင့် ဖြန့်ဝေပေးသည့် ဓာတ်မြေဩဇာများကို အမှန်တကယ် လိုအပ်သော တောင်သူများလက်ဝယ်သို့ ရောက်ရှိရေး၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် တစ်နှစ်သုံးသီး ရာသီပြည့် စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေရရှိ ရေးအတွက် နည်းလမ်းမျိုးစုံ အသုံးပြုဆောင်ရွက်ရေး၊ ဆီထွက် သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ လယ်ယာမြေများတွင် ပလပ်မြေ မရှိအောင် ကွက်ပြည့်စိုက်ပျိုး နိုင်ရေးတို့ကို မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက ဓာတ်မြေဩဇာ သွင်းအားစုများကို လည်းကောင်း၊ နေပြည်တော်ကောင်စီဝင်များက ပိုက်ဆံလျှော်နှင့် နေကြာမျိုးစေ့ များကိုလည်းကောင်း တောင်သူ များထံပေးအပ်ကြပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် မြေပဲရိုးဖြင့် သဘာဝမြေဩဇာ ပြုလုပ်နည်း သရုပ်ပြသ ဆောင်ရွက်မှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)


