နေပြည်တော် ဩဂုတ် ၂၄
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုင်းရယ်မြို့နယ်မှ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်သို့ သယ်ဆောင်သည့် ငွေကျပ် ၁ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅၆ ဒသမ ၃၆ ကီလိုကို သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၇ ရက် ည ၈ နာရီခွဲတွင် သတင်းအရ တောင်ကြီးမြို့ အေးသာယာကားကြီးဝင်းတွင် မူဆယ်မြို့နေ သိန်းထွန်းဦး (ခ) ဘိုဘိုက မန္တလေးသို့ လူမဲ့တန်ဆာဖြင့် တင်ပို့မည့် WATER COOLER ရှစ်လုံးအား ဖွင့်ဖောက်စစ်ဆေးခဲ့ရာ ဘိန်းဖြူ ၇ ဒသမ ၀၂ ကီလို (၎င်းဒေသ တန်ဖိုးငွေကျပ် ၁၀၅၃ သိန်း) ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ အလားတူ WATER COOLER များအတွင်း ဘိန်းဖြူများထည့်သွင်း၍ ကားဂိတ်များမှတစ်ဆင့် လူမဲ့တန်ဆာဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့သို့ တင်ပို့ထားကြောင်း သိရှိရသဖြင့် သိမ်းဆည်းရမိရေး ဆောင်ရွက်ခဲ့ရာ ဩဂုတ် ၈ ရက် နံနက် ၈ နာရီခွဲတွင် ပြည်ကြီးတံခွန်မြို့နယ် မြို့ပတ်လမ်းရှိ ကုန်စည်ဂိတ်၌ မူဆယ်မြို့နေ ဇင်ကိုအောင် (ခ) အောင်သူအား WATER COOLER ၁၃ လုံးနှင့်အတူ သိမ်းဆည်းရမိခဲ့ပြီး ၎င်းတည်းခိုနေထိုင်သည့် အောင်မြေသာစံမြို့နယ် သီရိမန္တလာ ကားဝင်းအနီးရှိ တည်းခိုခန်းကို ဆက်လက်ရှာဖွေ ရာ မုံရွာမြို့ သလ္လာရပ်ကွက်နေ မင်းမင်းဇော် (ခ) ကိုဇော်နှင့်အတူ WATER COOLER ၁၀ လုံးကို လည်းကောင်း၊ အောင်မြေသာစံမြို့နယ် သီရိမင်္ဂလာ ကားဝင်းရှိ ကားဂိတ်သို့ လူမဲ့တန်ဆာဖြင့် ပေးပို့ထားသော WATER COOLER ၁၁ လုံးနှင့် ချမ်းမြရွှေပြည် ကားဝင်းရှိ ကားဂိတ်မှ WATER COOLER ငါးလုံးတို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် မန္တလေးမြို့တွင် ကလေးမြို့သို့ ဆက်လက်ပို့ဆောင်မည့် WATER COOLER ၃၉ လုံးအတွင်းမှ ဘိန်းဖြူအလေးချိန် ၃၄ ဒသမ ၆၄ ကီလို (၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၈၆၆၀) ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ ဇင်ကိုအောင် (ခ) အောင်သူနှင့် မင်းမင်းဇော် (ခ) ကိုဇော်တို့က အလားတူ WATER COOLER များအား မန္တလေးက ကလေးမြို့သို့ လူမဲ့တန်ဆာဖြင့် ပေးပို့ထားကြောင်း ဖော်ထုတ်သိရှိရသဖြင့် သိမ်းဆည်းရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ မုံရွာမြို့ မုံရွာတောင်ရပ်ကွက်ရှိ ကားဂိတ်တွင် WATER COOLER နှစ်လုံးကိုလည်းကောင်း၊ ၎င်းတို့ ငှားရမ်းနေထိုင်သော မုံရွာမြို့ သလ္လာရပ်ကွက်ရှိ နေအိမ်အတွင်းမှ WATER COOLER ၁၄ လုံးကို လည်းကောင်း ထပ်မံသိမ်းဆည်းရရှိခဲ့သဖြင့် မုံရွာမြို့၌ သိမ်းဆည်းရမိသည့် WATER COOLER ၁၆ လုံး အတွင်းမှ ဘိန်းဖြူအလေးချိန် ၁၄ ဒသမ ၇ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၇၃၅၀) ဖြစ်သဖြင့် သိမ်းဆည်းရမိမှု စုစုပေါင်းဘိန်းဖြူအလေးချိန် ၅၆ ဒသမ ၃၆ ကီလို (၎င်းဒေသတန်ဖိုး ငွေကျပ် ၁ ဒသမ ၇၀၆၃ ဘီလီယံ) ဖြစ်ကြောင်း။
ကွင်းဆက်ဖော်ထုတ်ချက်အရ ဩဂုတ် ၈ ရက် နံနက် ၁၀ နာရီတွင် ဘိန်းဖြူများကို လားရှိုးမှ ကလေးသို့ တာဝန်ခံသယ်ဆောင်သူ ဘောက်လာ (ခ) ဂျိမ်းဖောအား မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက်ရှိ နေအိမ်တွင်လည်းကောင်း၊ မွန်းလွဲ ၁ နာရီခွဲတွင် ဘိန်းဖြူများကို ဝယ်ယူ၍ ကလေးမြို့သို့ သယ်ဆောင်ခိုင်းသူ စိန်းလျံထန်နှင့် အာကာလင်းတို့အား ချမ်းမြသာစည်မြို့နယ် အောင်သာယာရပ်ကွက်ရှိ နေအိမ်တွင်လည်းကောင်း၊ မန္တလေးမှကလေးသို့ ဘိန်းဖြူများ တာဝန်ခံသယ်ဆောင်သူ ချစ်မင်းဟန် (ခ) အစွယ်အား ဩဂုတ် ၁၂ ရက် မွန်းလွဲ ၃ နာရီတွင် အောင်မြေ သာစံမြို့နယ် သီရိမာလာ (အရှေ့) ရပ်ကွက်တွင် လည်းကောင်း ဆက်လက်ဖော်ထုတ် သိမ်းဆည်းရမိခဲ့ကြောင်း။
ကွင်းဆက်ဖော်ထုတ်ချက်အရ ဘိန်းဖြူများကိုရှမ်းပြည်နယ် (မြောက်ပိုင်း) မိုင်းရယ်မြို့နယ် ဝမ်စန့်ကျေးရွာနေ အိုက်ငင်းဦး (ခ) အိုက်ကျန်ဦး (ဖမ်းဆီး ရန်ကျန်) ထံမှ ကလေးမြို့နေ လာလ်ပဲက်စိုင်း (ဖမ်းဆီးရန်ကျန်) နှင့် ဝူလ်မွှေး (ဖမ်းဆီးရန်ကျန်) တို့က ဝယ်ယူ၍ ကလေးမြို့သို့ အဆင့်ဆင့်သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


