နေပြည်တော် သြဂုတ် ၂၄
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
သြဂုတ် ၂၂ ရက်တွင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်လမြိုင်မြို့နယ်အတွင်း၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၂၄၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် သြဂုတ် ၁၉ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘားအံမြို့နယ် သာယာကုန်းကျေးရွာ၌ ယာဉ်ရှစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၈၅ မျိုး၊ လူသုံးကုန်ပစ္စည်း ၈၁ မျိုး၊ စားသောက်ကုန်ပစ္စည်း ငါးမျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၈၃၈၁၂၅၆၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Box Truck တစ်စီး၊ Nissan Diesel Truck သုံးစီး၊ Hino Profia Truck တစ်စီး၊ Jing Gong Tractor Head တစ်စီး၊ Cheng Long Tractror Head တစ်စီး၊ Man Tractor Head တစ်စီးနှင့် နောက်တွဲယာဉ် သုံးတွဲ (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၉၈၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၈၁၈၁၂၅၆၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သြဂုတ် ၂၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သန်လျင်မြို့နယ်၊ သာကေတမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ်တို့၌ လိုင်စင်မဲ့ယာဉ်တစ်စီး၊ ဆိုင်ကယ်လေးစီး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၅၉၅၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သြဂုတ် ၂၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မုံရွာမြို့နယ်နှင့် စစ်ကိုင်းမြို့နယ်တို့၌ တရား မဝင် စက်သုံးဆီ၊ ဒီဇယ်ဆီ ၉၉ ပီပါနှင့် ပီပါခွံ ၁၄၅ လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၇၅၈၅၀၀၀) ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ စစ်ကိုင်းမြို့ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် ကံတလူ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၁၇ မျိုး၊ လိုင်စင်မဲ့ယာဉ် နှစ်စီးနှင့် လိုင်စင်မဲ့ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၄၈၀၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၃၀၆၅၀၀၀ ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ ၁၈ လုံး အတွင်းမှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၆၃၈၀၀၂၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် သြဂုတ် ၂၃ ရက် တွင် ကရင်ပြည်နယ်နှင့် စစ်ကိုင်း တိုင်းဒေသကြီးတို့မှ မူးယစ်ဆေးဝါးမျိုးစုံ ခြောက်မှု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉၈၈၄၀၀၀) ကို သိမ်းဆည်းရမိခဲ့သည်။
အလားတူ သြဂုတ် ၂၃ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သိမ်းဆည်းရမိမှု စာရင်းများအရ လိုင်စင်မဲ့ယာဉ် ကိုးစီးနှင့် လိုင်စင်မဲ့ဆိုင်ကယ် ၃၇ စီးကို သိမ်းဆည်းရမိခဲ့ပြီး သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သြဂုတ် ၁၉ ရက်၊ ၂၁ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၆၅ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၁၇၃၃၁၅၈၀) ကို သိမ်းဆည်းရမိခဲ့သည်။
တရားမဝင် တင်သွင်းမှုများ ကြောင့် သွင်းကုန်အစားထိုး ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များရှိ အသေးစား၊ အလတ်စားလုပ်ငန်းများကို ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေပြီး နိုင်ငံ၏စီးပွားရေး ဦးတည်ချက်များကိုပါ ထိခိုက်စေနိုင်သည်။ သို့ဖြစ်ပါ၍ ၎င်းတရား မဝင်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်


