ရန်ကုန် သြဂုတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် မြန်မာ့ပုံရိပ် ဖော်ညွှန်းရေးအဖွဲ့(Myanmar Narrative Think Tank) တို့ ပူးပေါင်း ကျင်းပသော မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ်- ၂၀၂၅ (Future Front Myanmar : Youth Strategy Forum - 2025)အကြိုဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာ၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး အဖွဲ့ (MISIS) အတွင်းရေးမှူး၊ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) အဖွဲ့ဝင် ဦးခင်မောင်ဇော် (ဆရာမောင်ကောင်းရိပ်)က ပထဝီနိုင်ငံရေးနှင့် မြန်မာခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) ဒါရိုက်တာ အဖွဲ့ဝင် ဒေါက်တာနိုင်ဆွေဦးက ပထဝီနိုင်ငံရေးနှင့် အမျိုးသားကာကွယ်ရေး (Geopolitics and National Defense)ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောဆွေးနွေးကြသည်။
ယင်းနောက် လူငယ်များ၏သိရှိလိုသည်များကို ဦးခင်မောင်ဇော် (ဆရာမောင်ကောင်းရိပ်)နှင့် ဒေါက်တာနိုင်ဆွေဦးတို့က ပြန်လည် ရှင်းလင်းဖြေကြားသည်။ ယင်းနောက် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ က ဟောပြောကြသည့်ပုဂ္ဂိုလ်များအား တိုင်းဒေသကြီးလှုမှုရေးရာ ဝန်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ထို့နောက် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာဇော်ဦးက ပထဝီစီးပွားရေး နှင့် မြန်မာခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပြီး လူငယ်များ၏ သိလို သည်များကို ပြန်လည်ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် လူငယ်ရေးရာ အထောက်အကူပြု လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)


