ဘားအံ ဩဂုတ် ၂၅

 

ရာဂီမုန်တိုင်းကြောင့် မိုးစပါး ၁၄၄၆၁ ဧက ပျက်စီးခဲ့ရာ မိုးစပါး ၈၉၈၆ ဧက ပြန်လည်စိုက်ပျိုးခဲ့ပြီး ကျန်ဧကများ၌ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး ပြန်လည် အစားထိုးစိုက်ပျိုးခဲ့သည့် တောင်သူများအား သွင်းအားစုဖိုးလိုငွေ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် ရာဂီမုန်တိုင်းကြောင့် နှစ်ကြိမ်တိုင် ရေလွှမ်းမိုးခံခဲ့ရသည့် မိုးစပါး စိုက်ခင်းများအတွင်း မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်း အစားထိုး စိုက်ပျိုးခဲ့သည့် တောင်သူများအား မြေပဲတစ်ဧက ငွေကျပ် ၂၉၇၁၀၀၊ နှမ်းတစ်ဧက ငွေကျပ် ၇၉၁၀၀၊ နေကြာတစ်ဧက ငွေကျပ် ၈၅၁၀၀၊ မတ်ပဲတစ်ဧက ငွေကျပ် ၂၀၁၁၀၀၊ ပဲတီစိမ်းတစ်ဧက ငွေကျပ် ၁၇၁၁၀၀ နှုန်းဖြင့် စုစုပေါင်း ဧက ၄၀၅၀ အတွက် သွင်းအားစုဖိုးလိုငွေ ၈၂၆ ဒသမ ၅၄၇ ကျပ်သန်းပေးအပ် ရာ တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်သူများအား တွေ့ဆုံအားပေးစကား ပြောကြားပြီး သွင်းအားစုဖိုးလိုငွေ ထုတ်ပေးနေမှုကို ကြည့်ရှုအားပေးသည်။

 

အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော လယ်ယာမြေများ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ပြန်လည်စိုက်ပျိုးရာတွင် လိုက်နာသင့်သော အချက်များ၊ ပိုးမွှားရောဂါ ကာကွယ် နှိမ်နင်းရေး၊ မြေယာအသုံးချရေးနှင့် မျိုးစေ့များအကြောင်းတို့ကို အသိပညာ ပေးဆွေးနွေး ဟောပြောခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)