နေပြည်တော် ဩဂုတ် ၂၅

 

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဩဂုတ် ၂၃ ရက်က နေပြည်တော်တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာအနီးရှိ ကင်းသာရေထိန်းတမံသို့ သွားရောက်၍ ရေသိုလှောင်ထားရှိမှု၊ တမံကြံ့ခိုင်မှုနှင့် နုန်းတားတမံများ တည်ဆောက်ပြီးစီးမှုနှင့် ယာယီနုန်းဖမ်း ကဒစ်တန်း တည်ဆောက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး ရေထိန်းတမံအတွင်း သဲနုန်းဝင်ရောက်မှု လျော့နည်းစေရေးနှင့် ဝင်ရောက်ပြီး သဲနုန်းများ ပြန်လည်ဖယ်ထုတ်နိုင်ရေး ဆွေးနွေးမှာကြားသည်။

 

၂၀၂၄ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ရာဂီမုန်တိုင်း၏ ထူးကဲမိုးရေချိန်များကြောင့် ကင်းသာ ရေထိန်းတမံ ထိခိုက်ပျက်စီးမှုများကို ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးဖြစ်ရာ ရေလှောင်ဧရိယာအတွင်း သဲနုန်းပို့ချမှု လျော့ကျစေရေးအတွက် ရေစီးဝင်ချောင်းများဖြစ်သည့် ကျောက်ဆည်ချောင်းနှင့် ရေဝေချောင်းများအပေါ်တွင် နုန်းတားတမံများ တည်ဆောက်ထားရှိသကဲ့သို့ သဲနုန်းများထပ်မံ၍ မဝင်ရောက်စေရေးအတွက် ယာယီနုန်းဖမ်းကဒစ်တန်း တည်ဆောက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကင်းသာရေ ထိန်းတမံရေပိုလွှဲနှင့် ဆက်စပ်ရေအား အဆောက်အအုံများ၏ ကြံ့ခိုင်မှု၊ တမံရေဝေရေလဲဧရိယာနှင့် တမံအောက်ဘက်ပိုင်း ဧရိယာများတွင် မိုးရာသီ ကာလသစ်ပင်များ စိုက်ပျိုးထားရှိမှု၊ ဆည်ရေသောက် ဧရိယာအတွင်း မိုးစပါးနှင့် မိုးသီးနှံ စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး တမံနှင့် ရေပိုလွှဲ ဆက်စပ်ရေအား အဆောက်အအုံ များအား စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးရန်နှင့် ရေလှောင်တမံများတွင် အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု စီမံချက် (Emergenacy Preparedness Plan -EPP) လုပ်ငန်းစဉ်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်၊ မိုးစပါးနှင့် မိုးသီးနှံလျားထားဧကပြည့်မီရေး ကြိုးစားဆောင်ရွက်ရန် ကိစ္စရပ်များကို တာဝန်ကျဝန်ထမ်းများအား ဆွေးနွေးမှာကြားသည်။

 

ကင်းသာရေထိန်းတမံအနေဖြင့် ယခုနှစ် မိုးရာသီကာလအတွင်း မိုးစပါးနှင့် မိုးသီးနှံ ဧက ၅၀၀ ကျော် လျာထားကာ စိုက်ပျိုးရေပေးဝေလျက်ရှိကြောင်း၊ ယနေ့အထိ မိုးစပါးနှင့် မိုးသီးနှံ ဧက ၃၅၀ ကျော် စိုက်ပျိုးပြီးစီးပြီးဖြစ်ရာ ကျန်စိုက်ဧကများကို စိုက်ပျိုးရေ ဆက်လက်ပေးဝေလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်