မန္တလေး ဩဂုတ် ၂၅
မန္တလေးမြို့တော်တွင် ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး၊ အမှိုက်ခွဲခြားစွန့်ပစ်မှုစနစ် ပညာပေးခြင်းနှင့် သရုပ်ပြခြင်းအစီအစဉ်ကို အပတ်စဉ် တနင်္လာနေ့တိုင်း မန္တလေး ခြောက်မြို့နယ်ရှိဈေးများ၌ ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မို့မို့ချစ်က ပြောကြားသည်။
အဆိုပါ ပညာပေးခြင်းနှင့် သရုပ်ပြခြင်း အစီအစဉ်များကို မန္တလေးတိုင်းဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၊ မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီ၊ ဈေးနှင့် သားသတ်ဌာနနှင့် သန့်ရှင်းရေးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ပြည်သူတွေအနေနဲ့ ပလတ်စတစ်သုံးစွဲမှုနဲ့ ပတ်သက်ပြီး ဆိုးကျိုးတွေကို အသိပညာရရှိစေဖို့နဲ့ လူတစ်ဦးတစ်ယောက်ချင်းစီက အသုံးပြုထွက်ရှိလာတဲ့ ပလတ်စတစ်အမှိုက်တွေကို စနစ်တကျ စွန့်ပစ်ကြပြီး နောင်လာမယ့်မျိုးဆက်အတွက် သန့်ရှင်းတဲ့ ပတ်ဝန်းကျင်နဲ့ ကောင်းမွန်တဲ့ ဂေဟစနစ်ရရှိစေဖို့ ရည်ရွယ်ဆောင်ရွက်တာဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။
ပလတ်စတစ် သုံးစွဲခြင်းအားဖြင့် လည်းကောင်း၊ ပလတ်စတစ်များကို စနစ်တကျစွန့်ပစ်ခြင်း မရှိပါက လည်းကောင်း မိမိတို့ နေထိုင်ရာ ပတ်ဝန်းကျင်တွင် ရေမြောင်းပိတ်ဆို့ခြင်း၊ ရေထုညစ်ညမ်းစေခြင်း တို့ဖြစ်ပေါ်စေပြီး မီးရှို့ဖျက်ဆီးပါကလည်း ပတ်ဝန်းကျင် လေထုညစ်ညမ်းခြင်းနှင့် မိမိပတ်ဝန်းကျင် တွင် မြေဆီလွှာညစ်ညမ်းစေခြင်းတို့ ဖြစ်ပေါ်စေနိုင်သဖြင့် စနစ်တကျ စွန့်ပစ်ကြရန်နှင့် အမှိုက်များကို စနစ်တကျ ခွဲခြားစွန့်ပစ်ကြရန်လိုကြောင်း သိရသည်။
ပလတ်စတစ် သုံးစွဲမှုလျှော့ချရေး၊ စနစ်တကျ စွန့်ပစ်ရေးနှင့် အမှိုက်ခွဲခြားစွန့်ပစ်ရေး သရုပ်ပြ လှုပ်ရှားမှုကို မန္တလေး ခြောက်မြို့နယ်အတွင်းရှိ ဈေးများ၌ တနင်္လာနေ့တိုင်း အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပလတ်စတစ် အစားထိုးအိတ်များ အခမဲ့ဖြန့်ဝေခြင်း တို့ကို ဆောင်ရွက်လျက်ရှိပြီး ကျန်ရက်များတွင် အခြေခံ ကျောင်းများ၊ တက္ကသိုလ်များနှင့် ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
မြို့တော် စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေးဌာနဌာနစုမှူး ဦးဝင်းထွန်းအောင်က “မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအနေနဲ့ မြို့တော်သန့်ရှင်းရမယ်၊ သာယာလှပရမယ်၊ မြို့နေလူထုစိတ်ချမ်း သာရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီနေ့ ဈေးသုံးခုမှာ ဈေးဝယ်လာတဲ့ ပြည်သူတွေနဲ့ ဈေးဆိုင်ခန်းတွေမှာ ပညာပေး လက်ကမ်းစာစောင်နဲ့ ပလတ်စတစ် အစားထိုးသုံးစွဲတဲ့ အိတ်၅၀၀ ကိုဖြန့်ဝေပေးခဲ့ပါတယ်" ဟု ပြောသည်။
ပညာပေးခြင်း၊ ပလတ်စတစ် အစားထိုးအိတ်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခြင်းဖြင့် တစ်ဦး တစ်ယောက်ချင်းစီမှ အများပြည်သူလိုက်နာဆောင်ရွက်လာ ယခုကဲ့သို့ ပလတ်စတစ် သုံးစွဲမှုလျှော့ချရေး၊ စနစ်တကျစွန့်ပစ်ရေးနှင့် အမှိုက်ခွဲခြားစွန့်ပစ်ရေးတို့ကို မြေပြင်ကွင်းဆင်း၍မည် ဖြစ်ကြောင်း သိရသည်။
မောင်အေးချမ်း


