ရန်ကုန် ဩဂုတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက် ၈နာရီ က လသာမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာဦးစီးဌာန ကျောင်း၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ မိဘများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဖဲကြိုးဖြတ်ဖွင့်လှစ်

ဦးစွာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက် ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ရန်ကုန် တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် တာဝန်ရှိသူများကဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း စာပေစကားဝိုင်းဆွေးနွေးပွဲ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ဖြစ်သည့် ကျပန်းစကားပြောပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည် ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲများနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများ ဖြစ်သည့် မြားပစ်ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ခွက်ရွှေ့ပြိုင်ပွဲ၊ ဘောလုံးဖိပြိုင်ပွဲ၊ ခါးလှည့်ကွင်းပြိုင်ပွဲ၊ ခွက်စီပြိုင်ပွဲ၊ ခွက်ရေဖြည့်ပြိုင်ပွဲ၊ ပင်ပေါင်ဘောလုံးပစ်ပြိုင်ပွဲများ၊ ဌာနဆိုင်ရာပြခန်း များ၊ စာအုပ်စာစောင် အရောင်းဆိုင်များကိုလှည့်လည် ကြည့်ရှုအားပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရန်ကုန်တိုင်းဒေသကြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အလှူငွေပေးအပ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် စာပေဟောပြောပွဲ၌ ဟောပြောမည့်စာရေးဆရာ လင်းသိုက်ညွန့်အား ဂုဏ်ပြုလက်ဆောင်ပေးအပ်သည်။

ဇွဲထက်ကို(ပြန်/ဆက်)