နေပြည်တော် ဩဂုတ် ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက် လုပ်ရပ်များကြောင့် တစ်နှစ်နီးပါး ပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများအား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၅ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြား ပေးလျက်ရှိသည့်အပြင် ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ တွင် အခြေခံပညာကျောင်း ခုနစ်ကျောင်း ထပ်မံ ဖွင့်လှစ်နိုင်ခဲ့၍ နောင်ချိုမြို့နယ်အတွင်း စုစုပေါင်း အခြေခံပညာကျောင်း ၉၄ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်ပြီး ကျောင်းသား ကျောင်းသူ ၄၁၆ ဦး ထပ်မံ၍ ကျောင်းအပ်နှံသဖြင့် စုစုပေါင်းကျောင်းသား ကျောင်းသူ ၁၀၆၄၅ ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။

ထို့ပြင် ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရန်အတွက် အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့သည့် နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကြီးအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကာ ဩဂုတ် ၂ ရက်တွင် ပြန်လည်ဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပြည်သူ့ဆေးရုံကြီး၌ ပြင်ပလူနာ ၃၁ ဦးတို့ကို ငှက်ဖျားရောဂါ၊ တုပ်ကွေး ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ် သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ ဒေသခံတိုင်းရင်းသားပြည်သူ ၅၄ ဦးအား သွေးအမျိုးအစားစစ်ဆေးပေးခြင်း၊ ဒေသခံတိုင်းရင်းသားပြည်သူ လေးဦးအား ငှက်ဖျားပိုး စစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး အတွင်းလူနာအဖြစ် ဒေသခံတိုင်းရင်းသားပြည်သူ ၂၈ ဦး တက်ရောက်ဆေးကုသမှုခံယူလျက်ရှိရာ ဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်