နေပြည်တော် ဩဂုတ် ၂၆

 

ပဲခူးမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အကျုံးမဝင်သော မိုးစပါးစိုက် တောင်သူများအား သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာ သွင်းအားစုပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့နယ် အိုးဘိုကျေးရွာ ယာယီရှင်းလင်းဆောင်၌ ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် စိုက်ပျိုးရေးလုပ်ငန်းများ ပန်းတိုင်အထွက်နှုန်း ပြည့်မီရေးဆောင်ရွက်နေမှု၊ ကြဲပက်စနစ်အစား Drum Seeder များ တိုးချဲ့ထုတ်လုပ်သုံးစွဲနိုင်ရေး ဆောင်ရွက် နေမှုများကို ဆွေးနွေးပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သွင်းအားစုများသုံးစွဲနိုင်မှ သီးနှံများသတ်မှတ်ပန်းတိုင်အထွက်နှုန်း ရရှိမည်ဖြစ်ပြီး တောင်သူများ၏ ဝင်ငွေနှင့်လူနေမှု အဆင့်အတန်း မြင့်မားလာမည်ဖြစ်ကြောင်း၊ တောင်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်ရေး၊ ကျေးရွာများတွင် အမှန်တကယ်လုပ်ငန်း လုပ်ကိုင်လိုသူများ၊ လုပ်ငန်း အမျိုးအစား တူညီသူများ စိတ်တူကိုယ်တူ ဆန္ဒတူသူများကို စုပေါင်း၍ သမဝါယမအသင်းများ ဖွဲ့စည်းပေးပြီး အသင်းသား တောင်သူများ၏ အဓိကလိုအပ်သော မျိုးကောင်းမျိုးသန့်များရရှိရေး၊ သွင်းအားစုများပံ့ပိုးပေးနိုင်ရေး၊ ထွက်ရှိလာသော စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များကို ဈေးကွက်ခိုင်မာမှုရရှိရေး လုပ်ဆောင်ပေးလျက်ရှိကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေး ပြောကြားပြီး တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပဲခူးမြို့နယ်အတွင်းရှိ အိုးဘိုကျေးရွာ အပါအဝင်ကျေးရွာ ၁၁ ရွာမှ မိုးစပါးစိုက်တောင်သူများအား ယူရီးယား၊ ကွန်ပေါင်းသွင်းအားစု ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်