ပုသိမ် ဩဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စက်သုံးဆီအရောင်းဆိုင် လုပ်ငန်းရှင်များ တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အမှာစကားပြောကြားသည်။
ရှင်းလင်းတင်ပြ
တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအတွက် စက်သုံးဆီများ လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရေးနှင့် ရည်ညွှန်းသတ်မှတ်ဈေးနှုန်းများနှင့်အညီ ရောင်းချပေးနိုင်ရေး၊ လမ်းအဆင့်အလိုက် နယ်နိမိတ်သတ်မှတ်ချက်များနှင့် တိုင်းဒေသကြီးအတွင်းရှိ လမ်းများ၏ နယ်နိမိတ်သတ်မှတ်ချက်များနှင့် စက်သုံးဆီရောင်းဝယ်မှု ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြ ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကိုးသိန်းစနူကာ အားကစားခန်းမ၌ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဖလား၊ ခရိုင်ပေါင်းစုံဘိလိယက်၊ စနူကာပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ် အဖြစ် ယှဉ်ပြိုင်ကစားသည့် ပုသိမ်ခရိုင်အသင်းနှင့် ဖျာပုံခရိုင်အသင်းတို့၏ စနူကာပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးသည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား၊ ခရိုင်ပေါင်းစုံ ဘိလိယက်၊ စနူကာပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဩဂုတ် ၂၇ ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


