ဟားခါး ဩဂုတ် ၂၆
၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဟားခါးမြို့ ချင်းပြည်နယ်အစိုးရ အဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်နှင့်ဇနီး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အခြေချစစ်ဗျူဟာမှူး၊ တာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စံပြနို့တိုက်မိခင်နှင့် စံပြကလေးဆုရရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စံပြနို့တိုက်မိခင်ဆုရရှိသူကို လည်းကောင်း၊ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးက စံပြကလေးဆု ရရှိသူကို လည်းကောင်း ဆုများပေးအပ်ကြပြီး အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းနှင့် မိခင်နှင့်ကလေး ကျန်းမာရေး စောင့်ရှောက်မှုပြခန်းကို လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က အသက် ငါးနှစ်အောက် ကလေးငယ်များအား အင်အားပြည့် ဗီတာမင်အေဆေးလုံးနှင့် လက်ဆောင်ပစ္စည်းများကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်များအတွက် အာဟာရဆေးပြားများနှင့် အာဟာရဖြည့်အစာများကို လည်းကောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


