ရန်ကုန် ဩဂုတ် ၂၆
၂၀၂၆ အာရှဖလား ဖူဆယ်ခြေစစ်ပွဲအတွက် ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ခြေစစ်ပွဲအကြိုပြင်ဆင်မှုအဖြစ် စက်တင်ဘာ ၅ ရက်မှ ၁၁ ရက်အထိကျင်းပမည့် တရုတ်ဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ယှဉ်ပြိုင်မည့် တရုတ်ဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲတွင် အသင်း ရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု(က) တွင် အိမ်ရှင်တရုတ်၊ ဒိန်းမတ်၊ တောင်ကိုရီးယား၊ ယူအေအီး၊ အုပ်စု(ခ)တွင် မြန်မာ၊ နယူးဇီလန်၊ အင်ဒိုနီးရှားနှင့် အိုမန်အသင်းတို့ ပါဝင်နေသည်။ အုပ်စုပွဲများကို စက်တင်ဘာ ၅ ရက်မှ ၈ ရက်၊ ဆီမီးဖိုင်နယ် ပွဲစဉ်များကို စက်တင်ဘာ ၉ ရက်၊ ဗိုလ်လုပွဲ၊ တတိယလုပွဲနှင့် အဆင့်သတ်မှတ်ချက်ပွဲများကို စက်တင်ဘာ ၁၁ ရက်တွင် ကျင်းပမည် ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် စက်တင်ဘာ ၅ ရက်တွင် နယူးဇီလန်အသင်း၊ စက်တင်ဘာ ၆ ရက်တွင် အင်ဒိုနီးရှားအသင်း၊ စက်တင်ဘာ ၈ ရက်တွင် အိုမန်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် စက်တင်ဘာလတွင် ယှဉ်ပြိုင်ရမည့် ၂၀၂၆ အာရှဖလား ဖူဆယ်ခြေစစ်ပွဲနှင့် ဒီဇင်ဘာလတွင် ယှဉ်ပြိုင်ရမည့် (၃၃) ကြိမ်မြောက် ထိုင်းဆီးဂိမ်းပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်နေခြင်းဖြစ်ပြီး အာရှဖလားခြေစစ်ပွဲမတိုင်မီ အကျိုးရှိမည့် ဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် သြဂုတ်လဆန်းပိုင်းမှစတင်ကာ ပဏာမကစားသမား ၂၄ ဦးဖြင့် လေ့ကျင့်နေပြီး နည်းပြချုပ်အဖြစ် ပတ္တရားပီခွန်က ကိုင်တွယ်လျက်ရှိသည်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ဒုတိယအကြိမ်လေ့ကျင့်ခြင်းဖြစ်ပြီး မတ်လက ပထမအကြိမ်လေ့ကျင့်ကာ ထိုင်းခြေစမ်းခရီးစဉ် သွားရောက်ခဲ့သည်။
ညီမြတ်သော်တာ
ဓာတ်ပုံ-MFF


