ရန်ကုန်    ဩဂုတ်    ၂၇

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်  လူငယ်ရေးရာဝန်ကြီးဌာနနှင့်   ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည်  တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် လူငယ်အားကစား လေ့ကျင့်ရေးစခန်း   သုဝဏ္ဏရှိ   ပိုက်ကျော်ခြင်းအားကစားရုံ၌  (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ  ဝင်ရောက်ယှဉ်ပြိုင်ရန်  စခန်းသွင်းလေ့ကျင့်နေသာ ပဏာမလက်ရွေးစင် Kabaddi  အားကစားသမားများ    လေ့ကျင့်နေမှုကို   ကြည့်ရှုစစ်ဆေးပြီး စနစ်တကျပါဝင် ယှဉ်ပြိုင်နိုင်ရန်   ခန္ဓာကိုယ်ကြံ့ခိုင် သန်မာမှုရှိစေရန်၊ ယုံကြည်မှုစိတ်ဓာတ်အပြည့်ဖြင့်  ကြိုးစားကစားကြရန် မှာကြားသည်။

ထို့နောက်  Sports Hotel ၌ AFC Women’s Championship League ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့်  I.S.P.E FC အမျိုးသမီးဘောလုံးအသင်းနှင့် တွေ့ဆုံ၍ ကျန်းမာရေးဂရုစိုက်ကြရန်နှင့် အောင်မြင်မှုများရရှိပြီး (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်လည်း ဆက်လက် အောင်မြင်မှုများရရှိအောင် ကြိုးစားကြရန်မှာကြားပြီး အားကစားသမားများ   နေ့လယ်စာစားသုံးနေမှုကို    ကြည့်ရှုအားပေးသည်။

ယင်းနောက် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှိ   မြန်မာနိုင်ငံ  ဘိလိယက်နှင့်   စနူကာလေ့ကျင့်ရေးခန်းမသို့ရောက်ရှိရာ   ပြည်ထောင်စုဝန်ကြီးက    စခန်းဝင်လေ့ကျင့်နေသော    ပဏာမ လက်ရွေးစင်ဘိလိယက်နှင့် စနူကာအားကစားသမားများ လက်ရည်စမ်းယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေး၍ ဆုများချီးမြှင့်သည်။

ညနေပိုင်းတွင် တာမွေမြို့နယ် ကျိုက္ကဆံဘောလုံးကွင်း(၁)၌ (၃၃)ကြိမ်မြောက်    အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင်လေ့ကျင့်နေသော တာတို/တာလတ် အပြေး၊ မာရသွန်၊ လမ်းလျှောက်၊ လှံတံပစ်၊ သံပြားပစ်၊ သံလုံးပစ်ပဏာမလက်ရွေးစင်အားကစားသမားများ လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် အတွင်းရေးမှူးက စခန်းသွင်းလေ့ကျင့်နေမှု၊ စံချိန် စံနှုန်းရရှိမှု၊ အောင်မြင်မှု ရရှိနိုင်မည့် အခြေအနေများကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးကလိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ နပန်းအားကစားလေ့ကျင့်ရေးရုံသို့ ရောက်ရှိပြီး (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင်လေ့ကျင့်နေသော   ပဏာမလက်ရွေးစင်   နပန်းအားကစားသမားများ လေ့ကျင့်နေမှုကို   ကြည့်ရှုစစ်ဆေးကာ နိုင်ငံခြားနည်းပြငှားရမ်းလေ့ကျင့်နိုင် ရေး၊ ဒိုင်၊ နည်းပြသင်တန်းဖွင့်လှစ်ရေး မှာကြားသည်။

သတင်းစဉ်