နေပြည်တော် ဩဂုတ် ၂၇
မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဦးဆောင် ကျင်းပသည့် (၂၁) ကြိမ်မြောက် အာဆီယံဟာလာ အစားအစာဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေး (21st Meeting of the ASEAN Working Group on Halal Food) ကို ယနေ့နံနက် ၈ နာရီခွဲတွင် Virtual စနစ်ဖြင့် ကျင်းပရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် စီမံကိန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ စည်ပင်သာယာရေးကော်မတီ (နေပြည်တော်နှင့် ရန်ကုန်)မှ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနတို့မှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တိုးမင်းထွန်းက သဘာပတိအဖြစ် ဆောင်ရွက်ပြီး ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
အစည်းအဝေးတွင် အာဆီယံဟာလာ အစားအစာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅)အရ ဟာလာအစားအစာများအတွက် အာဆီယံအဆင့် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်း၊ တရားဝင်အသိအမှတ်ပြုခြင်း အစီအစဉ်ဆိုင်ရာ စီမံချက်အဆိုပြုလွှာ၏ တိုးတက်မှုအခြေအနေ၊ ဟာလာ အစားအစာများတွင် အနံ့၊ အရသာအတွက် ထည့်ရသောပစ္စည်းများအား မှတ်ပုံတင်ခြင်းနှင့် အာဆီယံ ဟာလာအစားအစာ Website တည်ထောင်ထားမှု ဆိုင်ရာလုပ်ငန်းတိုးတက်မှု အခြေအနေများ၊ အာဆီယံ ဟာလာအစားအစာဆိုင်ရာ အထွေထွေလမ်းညွှန်ချက်များကို အာဆီယံအဖွဲ့ဝင်နိုင်ငံများ အချင်းချင်းရင်းနှီးချစ်ကြည်စွာ ညှိနှိုင်းဆွေးနွေး သဘောတူခဲ့ကြသည်။
အာဆီယံဟာလာအစားအစာဆိုင်ရာ လုပ်ငန်းအဖွဲ့ကို ၂၀၀၀ ပြည့်နှစ်တွင် အာဆီယံအတွင်း ဟာလာအစားအစာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်ရန် အတွက်ရည်ရွယ်၍ အာဆီယံစိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးများ အစည်းအဝေး (AMAF) အောက်တွင် တည်ထောင်ဖွဲ့စည်းခဲ့ကာ လုပ်ငန်းအဖွဲ့ အစည်းအဝေးများကို နှစ်စဉ်အာဆီယံအဖွဲ့ဝင် နိုင်ငံများက အလှည့်ကျအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ကြသည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ်တွင် (၁၁) ကြိမ်မြောက် အာဆီယံဟာလာအစားအစာဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ယခုအခါ (၂၁) ကြိမ်မြောက် အာဆီယံ ဟာလာ အစားအစာဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေးကို အိမ်ရှင်အနေဖြင့် ဒုတိယအကြိမ်မြောက် လက်ခံကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


