နေပြည်တော် ဩဂုတ် ၂၇

ရန်ကုန်-မန္တလေးလမ်းမကြီး ဇေယျာသီရိမြို့နယ် ခေတ်အေးကျေးရွာအနီး မိုးသည်းထန်စွာရွာသွန်း မှုကြောင့် ကားလမ်းမပေါ် ရေကျော်နေမှုအခြေအနေကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးကြသည်။

ထို့နောက် တပ်ကုန်းမြို့နယ် ကင်းသာရေထိန်း တမံသို့ ရေဝင်ရောက်နေမှု၊ တမံအပေါ် ရေကျော်မှုမရှိ စေရေး သဲအိတ်များဖြင့် ကာရံနေမှုနှင့် ရေလွှဲမြောင်း ဖောက်လုပ်ထားမှုအခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

စားသောက်ဖွယ်ရာများ ပေးအပ်

ယင်းနောက် တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာ ရေဝင်ရောက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး မကျီးပင်ဘုန်းတော်ကြီးကျောင်း၌ ယာယီရေဘေး ရှောင်ပြည်သူများနှင့် တွေ့ဆုံအားပေးစကား ပြောကြား၍ ကျန်းမာရေးစောင့်ရှောက်‌ပေးနေမှုကို ကြည့်ရှုကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ဆက်လက်၍ ဇေယျာသီရိမြို့နယ် ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံ၌ နေပြည်တော်ကောင်စီ၏ ဦးဆောင်မှုဖြင့် နေပြည်တော် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာန၊ နေပြည်တော်အမျိုးသမီးရေးရာ အဖွဲ့နှင့် နေပြည်တော် မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ သွားနှင့်ခံတွင်း အထူးကုဆေးရုံမှ အထူးကုဆရာဝန်ကြီးများက နှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲ ကလေးများအား ခွဲစိတ် ကုသပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး ဆေးကုသမှုခံယူသည့် ကလေးငယ်များအား လက်ဆောင်ပစ္စည်းနှင့် စားသောက်ဖွယ်ရာများ ပေးအပ်၍ ခွဲစိတ်ကုသပေးသည့် သွားနှင့်ခံတွင်း အထူးကု ဆရာဝန်ကြီးများအဖွဲ့အား ချီးမြှင့်ငွေနှင့် ဂုဏ်ပြုသစ်သီးခြင်းတို့ကို ပေးအပ်ကာ ဆေးရုံအတွင်း Modular House ဖြင့် အရေးပေါ်ကယ်ဆယ်ရေးအတွက် ဆေးဝါးများ၊ စားသောက်ဖွယ်ရာများ စုစည်း သိုလှောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဇမ္ဗူသီရိမြို့နယ် ဗဟိုမီးသတ်စခန်း၌ သဘာဝဘေး ရှာဖွေကယ်ဆယ်နိုင်ရေးအတွက် စုဖွဲ့ထားသည့် တပ်ဖွဲ့ဝင်များနှင့် သွားရောက်တွေ့ဆုံပြီး သဘာဝဘေးဖြစ်ပွားမှုကို အမြန်ဆုံးသတင်းရရှိအောင် ဆောင်ရွက်ရေး၊ ယခင်ဖြစ်ပွားခဲ့သည့် သဘာဝဘေးဖြစ်စဉ်များ၊ အတွေ့အကြုံများအ‌ပေါ် သုံးသပ်ပြီး ကြိုတင်တွက်ဆ ပြင်ဆင်ထားရှိရေးတို့ကို မှာကြား၍ သဘာဝဘေးရှာဖွေကူညီကယ်ဆယ်နိုင်ရေးအတွက် စုဖွဲ့ပြင်ဆင်ထားသည့် စက်ပစ္စည်းများ၊ စက်လှေများ၊ ယာဉ်များအား လှည့်လည်ကြည့်ရှု စစ်ဆေးကာ ပုဗ္ဗသီရိမြို့နယ် သဘာဝဘေးစီမံခန့်ခွဲ ရေးအဖွဲ့က သဘာဝဘေးကူညီကယ်ဆယ်နိုင်ရေးအတွက် စုဖွဲ့ထားသည့် တပ်ဖွဲ့ဝင်များနှင့် သွားရောက် တွေ့ဆုံကာ လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ‌အေးမြင့်သာယာတံတားတွင် ဆင်သေချောင်းရေစီးဆင်းမှုအခြေအနေ၊ ပင်လောင်း လမ်းဆုံတွင် ကားလမ်းပေါ်ရေကျော်နေမှု အခြေအနေ၊ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီးဘေး လမ်းဘေးရေမြောင်းများတွင် ရေစီးဆင်းမှု အခြေအနေ၊ ကျောက်ချပ်တံတားတွင် ဆင်သေချောင်း ရေစီးဆင်းမှုအခြေအနေ၊ ပျဉ်းမနားမြို့နယ် ညောင်ပင်သာ၊ ဈေးကုန်း၊ ဆင်သေလမ်း ရေဝင် ရောက်မှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့‌ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)