ရန်ကုန် ဩဂုတ် ၂၇
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ingo PEACE အနေဖြင့် အတူတကွ ပူးပေါင်းပါဝင်သွားမည်ဖြစ်ကြောင်း ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ LOTTE Hotel ၌ ကျင်းပသည့် Myanmar Human Rights Seminar 2025 ဆွေးနွေးပွဲမှသိရသည်။
“အဓိကကတော့ မြန်မာနိုင်ငံကို ငြိမ်းချမ်းတဲ့နိုင်ငံဖြစ်အောင် အတူတကွပူးပေါင်းဆောင်ရွက်တဲ့ သဘောမျိုးပဲဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာ လူမျိုးပေါင်း ၁၃၅ မျိုးရှိပါတယ်။ ဒီထဲမှာမှ အမျိုးမျိုးသော လူမျိုးတွေ ရှိကြတဲ့အတွက် ငြိမ်းချမ်းရေးအတွက်ကို တစ်ဦးနဲ့တစ်ဦးနားလည်ခွင့်လွှတ်ပြီးတော့ ညှိနှိုင်းဆွေးနွေးကြဖို့ လိုအပ်ပါတယ်။ ဒါဟာလည်း ငြိမ်းချမ်းရေးအတွက် လျှောက်ရမယ့် ဦးတည်ရမယ့် လမ်းကြောင်းပဲဖြစ်ပါတယ်’’ ဟု Ingo PEACE ၏ ဥက္ကဋ္ဌ NAKAZAWA HIROYUKI ကမီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားသည်။
ယနေ့ပြုလုပ်သည့် Myanmar Human Rights Seminar 2025 ဆွေးနွေးပွဲကို အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်း International Non-government Organization PEACE(ingo PEACE)က ကျင်းပခြင်းဖြစ်ပြီး “လူ့ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးကို ပြန်လည် အဓိပ္ပာယ် ဖွင့်ဆိုခြင်း’’ ဟူသော ခေါင်းစဉ်ဖြင့် အထူးဧည့်သည်များကို ဖိတ်ခေါ်ကာ ယနေ့လူ့အခွင့်အရေးနှင့် ပတ်သက်၍ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများနှင့် အနာဂတ်အတွက် မျှော်လင့်ချက်များကို မျှဝေခြင်းဖြင့် ပါဝင်သူများ၏ ဆွေးနွေးမှုများမှတစ်ဆင့် လူ့အခွင့်အရေး၏ အနာဂတ်သစ်ကို အတူတကွ ဖန်တီးပုံဖော်သွားရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
စိမ်းခက်


